ပြင်ဦးလွင် ဇူလိုင် ၁၁
လူငယ်ကဏ္ဍကိုမြှင့်တင်ဆောင်ရွက်စေရန် ရည်ရွယ်၍ ဟောပြောဆွေးနွေးပွဲကို ယမန်နေ့နံနက်(၁၀)နာရီက မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ ကြယ်စင်ကိုယ်ပိုင် အလယ်တန်းကျောင်းတွင် ကျင်းပရာ ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဝါဝါလွင်က ဟောပြောပွဲကျင်းပရသည့် ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ ဗမာလူမျိုးစာပေနှင့်ယဉ်ကျေးမှုအသင်း ခရိုင်အဆင့် ဒုတိယဥက္ကဌ ဒေါ်အေဇင်မေက ဗမာလူမျိုးစာပေနှင့် ယဉ်ကျေးမှုအသင်းအား မိတ်ဆက်ပေးခြင်းနှင့် စာရေးဆရာကိုရွှေအောင်သင်း၏ ကိုယ်ရေးအကျဉ်းအားဖတ်ကြားခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။ ထို့နောက် စာရေးဆရာကိုရွှေအောင်သင်းက “အနာဂတ်ကိုပိုင်စိုးမည့်သူများ” ခေါင်းစဉ်ဖြင့် ဟောပြောဆွေးနွေးခဲ့ပြီး အဆိုပါဟောပြောချက်များနှင့် ပတ်သတ်၍ ကျောင်းသား/သူများအား မေးမြန်းခဲ့ရာ ကျောင်းသား/သူများက ပြန်လည်ဆွေးနွေးဖြေကြားခဲ့သည်။
ထို့နောက် ပြင်ဦးလွင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာ၀န်ရှိသူများသည် ကြယ်စင်ကိုယ်ပိုင်အလယ်တန်းကျောင်းမှ ကျောင်းသား/ကျောင်းသူများအား အသိအလိမ္မာရဖွယ် သုတ၊ ရသပုံပြင်များ ဖတ်ကြားပြခြင်း၊ နံရံကပ်စာစောင်များ၊ သုတ၊ ရသစာစောင်များ ခင်းကျင်းပြသပေးသည်။
ထို့နောက် အိမ်ခြံမြေဖွံ့ဖြိုးတိုးတက်ရေးအသင်း၊ ပြင်ဦးလွင်မြို့နယ်ဥက္ကဋ္ဌ၊ ဗမာလူမျိုးစာပေနှင့် ယဉ်ကျေးမှုအသင်း၏ ခရိုင်အလုပ်အမှုဆောင် ဦးဇော်မြင့်နှင့် အဖွဲ့၀င်များဖြစ်သည့် ကိုသီဟအောင်လွင်၊ ဒေါ်စိုးမိုးမိုးသန်းတို့က အမှတ်တရ လက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့သည်။ အဆိုပါဟောပြောဆွေးနွေးပွဲသို့ ကျောင်းသား/သူ (၁၅၀)ဦး တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။
သွေးသွေး (ခရိုင် ပြန်/ဆက်)