"ယုံတမ်းစကားပြောပြိုင်ပွဲအစပြင်ဦးလွင်က" ဟုဆိုသည့်အတိုင်း ပြင်ဦးလွင်မြို့နယ်တွင် ဒုတိယအကြိမ်မြောက် ယုံတမ်းစကားပြောပြိုင်ပွဲ ကျင်းပ

ပြင်ဦးလွင်  ဇူလိုင်  ၁၁

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့နယ်၊ ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (YMBA) က ကြီးမှူး၍ ကျောင်းပေါင်းစုံ ဗဟုသုတအကဲစမ်းပြိုင်ပွဲနှင့် ယုံတမ်းစကားပြောပြိုင်ပွဲကို ဗုဒ္ဓဘာသာကလျာဏယုဝအသင်းခန်းမ၌ ဇူလိုင်လ ၇ ရက်နေ့မှစတင်ကျင်းပြုလုပ်လျက်ရှိရာ ယမန်နေ့က မြို့နယ်အတွင်းရှိ ပြိုင်ပွဲဝင်ကျောင်းကိုးကျောင်းမှ အသင်းကိုးသင်းက ပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရှိရသည်။

ပြိုင်ပွဲတွင် ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (YMBA) ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြင်ဦးလွင်ခရိုင်ရုံးမှ တာဝန်ရှိသူများ၊ မြို့နယ်စာရေး ဆရာအသင်းဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက အကဲဖြတ်ဒိုင်များအဖြစ်ဆောင်ရွက်၍ ကျောင်းသား၊ ကျောင်းသူများနှင့် အုပ်ချုပ်သူဆရာ/ဆရာမများ စုံလင်စွာတက်ရောက်သည်။

အဆိုပါ ယုံတမ်းစကားပြောပြိုင်ပွဲသည် မြန်မာ့ရိုးရာဓလေ့ပြိုင်ပွဲတစ်ခုဖြစ်ပြီး တိမ်မြုပ်ပျောက်ကွယ် နေသည်မှာ နှစ်ပေါင်းများစွာကြာမြင့်နေသဖြင့် မြန်မာ့ရိုးရာဓလေ့စရိုက်များ ပြန်လည်ဖော်ထုတ်ရန်၊ စကားပြောစွမ်းရည်ကျွမ်းကျင်မှုကို တိုးတက်စေရန်နှင့် ကျောင်းသား/ကျောင်းသူများ စကားအရာလိမ္မာစေရန်ရည်ရွယ်၍ ပြင်ဦးလွင်မြို့နယ်၊ ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (YMBA) က ကြီးမှူးကာ “ယုံတမ်းစကားပြောပြိုင်ပွဲအစ ပြင်ဦးလွင်က” ဟုဆိုသည့်အတိုင်း ပြင်ဦးလွင်မြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ ဩဂုတ်လတွင် ပထမအကြိမ်ကျင်းပခဲ့ပြီး ယခု ၂၀၂၄ ခုနှစ်၊ ဇူလိုင်လတွင် ဒုတိယအကြိမ်မြောက် ယုံတမ်းစကားပြောပြိုင်ပွဲ ကျင်းပရခြင်းဖြစ်ကြောင်းသိရသည်။

ယုံတမ်းစကားပြောပြိုင်ပွဲတွင် သက်ဆိုင်ရာကျောင်းကိုယ်စားပြု တစ်ကျောင်းလျှင် အဖွဲ့ဝင် ငါးဦးမှ ခုနစ်ဦးအထိ သတ်မှတ်ကာ စုစုပေါင်းကျောင်းကိုးကျောင်းမှ ‌ကျောင်းသား/ကျောင်းသူများက အဖွဲ့လိုက်ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြကြောင်းသိရသည်။

ကျောင်းပေါင်းစုံ ဗဟုသုတအကဲစမ်းပြိုင်ပွဲနှင့် ယုံတမ်းစကားပြောပြိုင်ပွဲမှ ထူးချွန်ဆုရရှိသူများကို ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (YMBA) အသင်း၏ နှစ်ပတ်လည် သင်းလုံးကျွတ် ညီလာခံကျင်းပမည့် (၄-၈-၂၀၂၄) ရက်နေ့တွင် ဆုများအသီးသီး ချီးမြှင့်မည်ဖြစ်ကြောင်း ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (YMBA) အသင်း၏ တာဝန်ရှိသူတစ်ဦးထံမှ သိရှိရသည်။

ဖြူလူသစ် (ခရိုင်ပြန်/ဆက်)