ကချင်ပြည်နယ်ဝန်ကြီးချုပ် ဧရာဝတီမြစ်ရေကြီးခြင်းကြောင့် ပြည်ထဲရေးဝန်ကြီးဌာနလက်အောက်ရှိ ရေဘေးသင့် တပ်ဖွဲ့ဝင်/ ဝန်ထမ်းများအား အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးအပ်ခြင်းနှင့် ဝဏ္ဏကျော်ထင်ဘွဲ့တံဆိပ်အပ်နှင်းပွဲသို့တက်ရောက်ချီးမြှင့်

မြစ်ကြီးနား ဇူလိုင် ၁၁

ကချင်ပြည်နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပြီးခဲ့သည့် ဇွန် ၃၀ ရက်နှင့် ဇူလိုင် ၁ ရက်နေ့တို့တွင် စံချိန်တင် မြစ်ရေကြီးမြှင့်ခဲ့မှုအပေါ် ရေလွှမ်းမိုးခဲ့မှု အခြေအနေများနှင့် စပ်လျဉ်း၍ ဧရာဝတီမြစ်ကြောင်းတစ်လျှောက်နှင့် နောင်တာလောရေလယ်ကျွန်း အခြေအနေတို့အား ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ယမန်နေ့နံနက် ၇ နာရီခွဲက ကမ်းနားလမ်းမှတစ်ဆင့် အမြန်ရေယာဉ်များဖြင့် သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်ဦးတူးဂျာ၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ အမြန်ရေယာဉ်များနှင့် ဧရာဝတီမြစ်လယ်ရှိ နောင်တာလောရေလယ်ကျွန်းပေါ်သို့ သွားရောက်ပြီး ရေလယ်ကျွန်းပေါ်တွင် ရေကြီးနစ်မြှုပ်အပြီး သစ်ပင်/ သစ်ကိုင်းများ ကျိုးကျမှုဖြစ်စဉ်များနှင့် ရေစီးကြောင်းနှင့် မျှောပါလာသော သစ်ပင်ကြီးများ တင်ကျန်နေမှု အခြေအနေများ၊ သဲသောင်ဖြစ်ထွန်းမှု၊ ရေစီး ကြောင်း ပြောင်းလဲမှုအပေါ် မြစ်ကြောင်းတစ်လျှောက် ရေထိန်းနံရံ/ ‌ရေထိန်းတံခါးများ တည်ဆောက်နိုင်ရေးအတွက် မြေပြင်အခြေအနေ ကွင်းဆင်းတိုင်းတာစစ်ဆေးတွက်ချက် တင်ပြနိုင်ရေးတို့ကို ဆွေးနွေးဆောင်ရွက်ခဲ့ကြပြီး နောင်တာလော ရေလယ်ကျွန်းပေါ်တွင် နေထိုင်သော ဒေသခံများအား ရင်းရင်းနှီးနှီးတွေ့ဆုံပြီး ရေကြီးမြင့်အပေါ် ဆုံးရှုံးခဲ့မှုအခြေအနေများကို မေးမြန်းဆွေးနွေးခဲ့ကြကာ သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

ထို့နောက်အမြန်ရေယာဉ်များဖြင့် မြစ်ကြီးနားမြို့ကမ်းပါးတစ်လျှောက် ကျောက်စီရေထိန်းနံရံ များပေါ်တွင် ရေမြင့်တက်မှု အခြေအနေများနှင့် စည်ပင်သာယာဆိပ်၌ မြစ်ကမ်းပါးထိန်းသိမ်းနိုင်ရေး စိုက်ပျိုးထားသော ပျိုးပင်များ ပျက်ဆီးဆုံးရှုံးမှုကို ပြန်လည်ဖြည့်စွက် စိုက်ပျိုးနိုင်ရေးနှင့် မြစ်ကမ်းတစ်လျှောက် နုန်းမြေများ တင်ကျန်မှုတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ယင်းနောက်ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်အစိုးရအဖွဲ့ရုံးဝင်းအတွင်းရှိ ဆမားဒူဝါဆင်ဝါးနော်ခန်းမ၌ ကျင်းပပြုလုပ်သည့် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့တွင် ဝဏ္ဍကျော်ထင်ဘွဲ့ ချီးမြှင့် အပ်နှင်းခြင်းခံရသူ စိုင်းအောင်လှိုင်မြင့်၏ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ်ချီးမြှင့်ခြင်း အခမ်းအနားသို့ တက်ရောက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ၂၀၂၃ ခုနှစ်အတွင်း နယ်ဘက်ဆိုင်ရာအမှုထမ်း ကောင်းခြင်းအတွက် ဂုဏ်ပြုချီးမြှင့်သည့် ဝဏ္ဏကျော်ထင်ဘွဲ့တံဆိပ်ရရှိခဲ့သည့် ဦးစိုင်းအောင်လှိုင်မြင့်အား ပြည်နယ်အစိုးရအဖွဲ့က ထပ်ဆင့်ဂုဏ်ပြုချီးမြှင့်သည့် အခမ်းအနားဖြစ်ပါကြောင်း၊ ဦးစိုင်းအောင်လှိုင်မြင့်သည် ကမ္ဘာ့ကြက်ခြေနီလောကတွင် အမြင့်မားဆုံးဆုဖြစ်သည့် ဟင်နရီဒူးနန့်ဘွဲ့ကို ကမ္ဘာပေါ်တွင် (၁၃)ယောက်မြောက်ရရှိခဲ့သည့် ပထမဆုံးသော မြန်မာနိုင်ငံသားဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ဦးစိုင်းအောင်လှိုင်မြင့်၏ စွမ်းစွမ်းတမံထူးချွန်စွာဆောင်ရွက်မှုများကြောင့် မိသားစုဝင်များသည်လည်း များစွာဂုဏ်ယူဝမ်းမြောက်မည်ဟု ယုံကြည်ပါကြောင်း ဂုဏ်ပြုနှုတ်ခွန်းဆက်စကားပြောကြားသည်။

ထို့နောက်ပြည်နယ်ဝန်ကြီးချုပ်က ဦးစိုင်းအောင်လှိုင်မြင့်ရရှိခဲ့သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ချီးမြှင့်သည့် ဝဏ္ဏကျော်ထင်ဘွဲ့တံဆိပ်အား ၎င်း၏ဇနီးဖြစ်သူ ဒေါ်စုစုခိုင်ထံ ချီးမြှင့်အပ်နှင်းရာ ဒေါ်စုစုခိုင်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

အဆိုပါ နိုင်ငံ‌တော်မှဝဏ္ဏကျော်ထင်ဘွဲ့တံဆိပ်ချီးမြှင့်အပ်နှင်းခံရသည့် ဦးစိုင်းအောင်လှိုင်မြင့်သည် မြစ်ကြီးနားမြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်တစ်ဦးဖြစ်ပြီး ဝိုင်းမော်မြို့ရှိ ဧရာဝတီမြစ်ထဲသို့ နစ်မြှုပ် သွားသော ကားအတွင်းမှ ယာဉ်မောင်းအား သက်စွန့်ဆံဖျား ‌ရေငုတ်ကယ်ဆယ်ခဲ့သည့်အတွက် ကမ္ဘာ့ကြက်ခြေနီမှ အမြင့်ဆုံးဟင်နရီဒူးနန့်ဘွဲကို ရရှိခဲ့ပြီး ကမ္ဘာပေါ်တွင် (၁၃)ယောက်မြောက် ရရှိခဲ့သည့် မြန်မာနိုင်ငံသားတစ်ဦးဖြစ်ကြောင်းနှင့် ၎င်းသည်(၁၉၈၅)ခုနှစ်တွင် ဦးနှောက် အကြိတ်တည်ရောဂါဖြင့် ဆုံးပါးခဲ့ခြင်းဖြစ်ကာ ၎င်း၏ခန္ဓာအား ဆေးတက္ကသိုလ်(၁)သို့ လှူဒါန်းခဲ့ ကြောင်း သိရသည်။

ထို့နောက်မွန်းလွဲပိုင်းတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကချင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပမည့် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားအောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေး ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ပြီး ပြည်နယ်ဝန်ကြီးချုပ်က အမှာစကားပြောကြားသည်။

ဆက်လက်၍ တက်ရောက်လာကြသည့် ပြည်နယ်ဝန်ကြီးများနှင့် ဆပ်ကော်မတီအဖွဲ့ဝင်များက ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနား ကျင်းပပြုလုပ်နိုင်ရေး ကြိုတင်စီမံဆောင်ရွက်ထား ရှိမှုများနှင့် လိုအပ်ချက်များကို တင်ပြဆွေးနွေးကြရာ ပြည်နယ်ဝန်ကြီးချုပ်က ရိုးရာအစဉ်အလာနှင့် အညီ အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

ယင်းနောက်ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်အစိုးရအဖွဲ့ရုံးဝင်းအတွင်းရှိ ဆမားဒူဝါဆင် ဝါးနော်ခန်းမ၌ ကျင်းပပြုလုပ်သည့် ပြည်ထဲရေးဝန်ကြီးဌာနက ဝန်ကြီးဌာနအောက်ရှိ မြစ်ကြီးနားမြို့ ရေဘေးသင့်တပ်ဖွဲ့ဝင်/ဝန်ထမ်းများနှင့် မိသားစုဝင်များအား အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားသို့တက်ရောက်ပြီး အဖွင့်အမှာစကားပြောကြားသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများက ပြည်ထဲရေးဝန်ကြီးဌာနလက်အောက်ရှိ ကချင်ပြည်နယ် အထွေထွေအုပ်ချုပ်‌ရေးဦးစီးဌာနမှရေဘေးသင့်ဝန်ထမ်း (၁၃၅)ဦး၊ ကချင်ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ၁၄၄ ဦး၊  အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနက ၁၄ ဦး၊ အကျဉ်းဦးစီးဌာနမှ ၃၈ ဦးတို့နှင့် မီးသတ်ဦးစီးဌာနမှ ၃၇ ဦး စုစုပေါင်းတပ်ဖွဲ့ ဝင်/ ဝန်ထမ်း (၃၆၈)ဦးတို့အတွက် စုစုပေါင်းငွေကျပ် (၂၀၀၇၂၀၀၀) တန်ဖိုးရှိ ဆန်(၅)ပြည်အိတ် (၃၆၈)အိတ်၊ ဆီ (၃၆၈)ပိဿာ၊ ကုလားပဲ (၃၆၈)ပိဿာနှင့် ကြက်ဥ (၃၆၈)ကတ်တို့ကို တပ်ဖွဲ့ဝင်/ ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများထံ အသီးသီးထောက်ပံ့ပေးအပ်ကြရာ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)