မိတ္ထီလာခရိုင်အတွင်း ဝါသီးနှံတိုးချဲ့စိုက်ပျိုးရေး၊ သတ်မှတ်အရည်အသွေးပြည့်မီပြီး အထွက်နှုန်းတိုးတက်လာစေရန်နှင့် Grade ခွဲခြားဝယ်ယူရေး လုပ်ငန်းရှင်များ၊ တောင်သူများ၊ သက်ဆိုင်ရာဌာနအဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေး

မိတ္ထီလာ ဇူလိုင် ၁၁

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်တွင် ဝါသီးနှံတိုးချဲ့စိုက်ပျိုးရေး၊ သတ်မှတ်အရည်အသွေးပြည့်မီပြီး အထွက်နှုန်းတိုးတက်လာစေရန်နှင့် Grade ခွဲခြားဝယ်ယူရေး လုပ်ငန်းရှင်များ၊ တောင်သူများ၊ မြို့နယ်အုပ်ချုပ်ရေးမှူးများ၊ သက်ဆိုင်ရာဌာန အဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့နံနက်က ခရိုင်အထွေထွေအုပ်ချုပ်ရေး အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

တွေ့ဆုံဆွေးနွေးပွဲတွင် မိတ္ထီလာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်ဇော်ဦးက မိတ္ထီလာခရိုင်အတွင်း ဝါသီးနှံတိုးချဲ့စိုက်ပျိုးရေးနှင့် သတ်မှတ်အရည်အသွေးပြည့်မီပြီး အထွက်နှုန်းတိုးတက်လာစေရေးနှင့် ပတ်သက်၍ အဖွင့်အမှာစကားပြောကြားခဲ့ပြီး မိတ္ထီလာခရိုင်စိုက်ပျိုးရေးဦးစီးမှူး ဒေါ်စန္ဒာလင်းက မိတ္ထီလာခရိုင်အတွင်း အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် ဝါစိုက်ပျိုးထုတ်လုပ်မှု အခြေအနေများ၊ ဝါလုပ်ငန်းရှင်များမှ ဝါကြိတ်ခွဲထုတ်လုပ်ရာတွင် မျိုးကောင်းမျိုးသန့်များ ကြိတ်ခွဲ ဖြန့်ဖြူး ရောင်းချရေး၊  ဝါဝယ်ယူရာတွင် Grade ခွဲခြားဝယ်ယူရေး၊ ဝါစိုက်တောင်သူများမှ ဝါကောက်ယူရာတွင် စနစ်တကျဖြင့် Grade ခွဲခြားကောက်ယူရေးနှင့် ဝါစိုက်ပျိုးရာတွင် လိုက်နာရမည့်အချက်များအား ရှင်းလင်းပြောကြားခဲ့သည်။

၎င်းနောက် ဝါလုပ်ငန်းရှင် ဥက္ကဋ္ဌ ဦးဇော်ဇော်ဦးက ဝါလုပ်ငန်းရှင်အသင်းမှ ဆောင်ရွက် လျက်ရှိသည့်  မျိုးကောင်းမျိုးသန့် လွမ်းခြုံရေး၊ စျေးကွက်တည်ငြိမ်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများအား ရှင်းလင်းပြောကြားခဲ့ပြီး ဒေသခံတောင်သူများက ဝါစိုက်ပျိုးရာတွင် တွေ့ကြုံရသည့် အခက်အခဲများ၊ ဝါမျိုးကောင်းမျိုးသန့် ရရှိရေး၊ ဝါစျေးနှုန်းကောင်းမွန်ရေးတို့ကို ဆွေးနွေးတင်ပြခဲ့ရာ ခရိုင်အုပ်ချုပ်ရေးမှူးက ဆွေးနွေးတင်ပြမှုများအား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

မိတ္ထီလာခရိုင် စိုက်ပျိုးရေးဦးစီးဌာနရုံး၏ ကြီးကြပ်မှုအောက်ရှိ မိတ္ထီလာ၊ မလှိုင်၊ သာစည်၊ ဝမ်းတွင်း မြို့နယ်များတွင်  ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင်  ဝါမျိုးစုံ စိုက်ဧက ၅၇,၃၁၇   ဧက စိုက်ပျိုးသွားရန် သတ်မှတ်လျာထားကြောင်း   သိရသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)