မောက်မယ် ဇူလိုင် ၁၁
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်အတွင်းရှိ ဒေသခံလူငယ်လူရွယ်များ နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတရရှိစေရန်နှင့် စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန်ရည်ရွယ်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ပညာရေးဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲကို ယမန်နေ့နံနက် (၉) နာရီက နမ့်လွတ်ကျေးရွာအုပ်စု၊ အခြေခံပညာအလယ်တန်းကျောင်း(နမ့်လွတ်)၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ကျောင်းအုပ်ဆရာမကြီး ဒေါ်ရွှေရည်လင်းက ကျောင်းသားလူငယ်များ ဗလငါးတန်ဖွံ့ဖြိုးရေးအတွက် အသိပညာပေးလုပ်ငန်းများအား တာဝန်ရှိသူများမှ ပူးပေါင်းဆောင်ရွက်လျက်ရှိရာ လူငယ်များအား ဦးတည်သည့် လူငယ်ရေးရာဟောပြောပွဲမှ ရရှိမည့်မှတ်သားစရာများအား လိုက်နာမှတ်သားရန် လိုအပ်ကြောင်း အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နန်းမိုခမ်းက ယခုလူငယ်၊ နောင်ဝယ်လူကြီးများဖြစ်ကြမည့် နိုင်ငံ့တာဝန်ကို ပုခုံး ပြောင်းတာဝန်ယူထမ်းဆောင်ကြရမည့် လူ့စွမ်းအားအရင်းအမြစ်များ ပေါ်ပေါက်စေရန် လိုက်နာကျင့်သုံးရမည့် ပြည်သူ့နီတိကျင့်ထုံးများ၊ ပြုမှုကျင့်သုံးလိုက်နာရမည့် ဂါရဝတရား၊ နိဝါတတရားများ၊ ဆင်ခြင်တုံတရား၊ စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်နှင့် စာပေဖတ်ရှုသည့် အကျိုးကျေးဇူးများ၊ Social Media အသုံးပြုခြင်း၏ ကောင်းကျိုးနှင့် ဆိုးကျိုးများ၊ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာများ၊ ပညာရေးကဏ္ဍအပြင် စာရိတ္တကောင်းမွန်ရေး၊ ပေါင်းသင်းဆက်ဆံရေးနှင့် ကျန်းမာရေးကောင်းမွန်စေရေး၊ ကြီးပွားရေး အမြင်ရှိစေရေးတို့အပြင် မျိုးချစ်စိတ်ဓာတ်၊ ပြည်ထောင်စု စိတ်ဓာတ်ရှင်သန် ထက်မြက်စေရေးတို့နှင့်စပ်လျဉ်း၍လည်းကောင်း ဆွေးနွေးဟောပြောခဲ့သည်။
ဆက်လက်ပြီး ဟောပြောပွဲသို့တက်ရောက်လာကြသော ကျောင်းသား/ကျောင်းသူများက ခင်းကျင်းပြသထားသော လူငယ်ရေးရာအသိပညာပေး၊ ကလေးအလုပ်သမားပပျောက်ရေး၊ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး နံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲများအား ဦးစီးအရာရှိ ဒေါ်နန်းမိုခမ်းက လှည့်လည်ရှင်းလင်းပြသရာ ကျောင်းသား/ ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။
စိုင်းမျိုးသန့်(မောက်မယ်)