မိုင်းပျဉ်း ဇူလိုင် ၁၁
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့၊ ပညာရေးဌာနမြို့နယ်အဆင့်အနေဖြင့် ဦးစီးကျင်းပသော (၇၇)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲကို ယမန်နေ့ မွန်းလွဲ(၂)နာရီက အခြေခံပညာအထက်တန်းကျောင်း၊ နဝဒေးခန်းမ၌ ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
ရှေးဦးစွာ မြို့နယ်ပညာရေးမှူး ဆရာမကြီးဒေါ်နန်းဟွမ်နွမ်းက အဖွင့်အမှာစကား ပြောကြားသည်။ ထို့နောက် အ.ထ.က−မိုင်းပျဉ်းမှ အထက်တန်းပြဆရာမဒေါ်မိုင်ယုယုသန်းက အာဇာနည်(၉)ဦး၏ အတ္ထုပ္ပတ္တိများအကြောင်းနှင့် အ.ထ.က(ခွဲ)−မိုင်းပျဉ်းမှ မူလတန်းပြဆရာမဒေါ်ချယ်ရီမြင့်က အာဇာနည်နေ့ဖြစ်ပေါ်လာပုံအကြောင်းတို့ကို အကျယ်တဝင့်ဆွေးနွေးဟောပြောခဲ့ကြောင်း သိရှိရသည်။
အဆိုပါ ပညာရေးဌာန၏ မြို့နယ်အဆင့်အနေဖြင့်ဦးစီးကျင်းပသော (၇၇)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲသို့ မြို့နယ်ပညာရေးမှူး၊ ဒုတိယမြို့နယ်ပညာရေးမှူးနှင့် လက်ထောက်ပညာရေးမှူးများ၊ မိုင်းပျဉ်းမြို့ပေါ်ရှိ အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ကြီးများနှင့် ဆရာ၊ဆရာမများ၊ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။
နန်းသန္တာဦး