မိုင်းယု ဇူလိုင် ၁၀
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းယောင်းခရိုင်၊ မိုင်းယုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်ရှိန်မြှင့်တင်ရေး၊ ကလေးအလုပ်သမားပပျောက်ရေး၊ လူငယ်ရေးရာနှင့် (၇၇)နှစ်မြောက် အာဇာနည်နေ့အကြောင်း အသိပညာပေးဟောပြောပွဲကို တာကြန့်ကျေးရွာအုပ်စု၊ တာကြန့်ကျေးရွာရှိ အခြေခံပညာမူလတန်းကျောင်း၌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ ကွင်းဆင်းဟောပြောမှုတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့ဦးစီးမှူး ဦးအားချာက “လူငယ်နှင့် စာပေဖတ်ရှုခြင်း”၏ အကျိုးကျေးဇူးများ၊ ကလေးအလုပ်သမားပပျောက်ရေးအတွက် ကလေးအလုပ်သမား၏အဓိပ္ပါယ်နှင့် အကျိုးဆက်များ၊ လူငယ်နှင့် ငယ်စဉ်အခါပညာရှာ၊ အာဇာနည်နေ့သမိုင်းကြောင်းများ စသည်တို့ကို ကျောင်းသား၊ ကျောင်းသူတို့အား အသိပညာပေးဟောပြောခဲ့သည်။
ယင်းနောက် စာကြည့်တိုက်လက်ထောက်-၃ ဒေါ်နန်းကောင်ကျောက် အသိပညာပေးပုံပြင်များနှင့် အာဇာနည်ခေါင်းဆောင်တို့၏ လေးစားဂုဏ်ယူအတုယူဖွယ်ရာ အကြောင်းအရာတို့ကို ဟောပြောခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများအား ပုံပြင်ပြောပြိုင်ပွဲ ကျင်းပပြုလုပ်ပေးကာ ရဲဝံ့စွာပြောဆိုနိုင်သူများကို ဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ထို့နောက် ကျောင်းသား၊ ကျောင်းသူလေးများအား အသိပညာဗဟုသုတရရှိစေသည့် သုတရတနှင့် ပုံပြင်စာအုပ်စာစောင်များကို ပြသပေးခြင်း၊ ကလေးအလုပ်သမားပပျောက်ရေးနှင့် လူကုန်ကူးမှုအန္တရာယ် အသိပညာပေးနံရံကပ်စာစောင်များကို ပြသပေးခြင်းများကို ပြုလုပ်ပေးခဲ့ကြကြောင်း သိရသည်။
ကိုကိုနိုင်