တန့်ယန်းမြို့နယ်တွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ

တန့်ယန်း  ဇူလိုင်  ၁၁

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် လူငယ်လူရွယ်များ အသိပညာဗဟုသုတ မြင့်မားတိုးတက်လာစေရန်အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်းကာ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ဇူလိုင်လ ၉ ရက်နေ့ နေ့လယ် ၁ နာရီက နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်း၌ ကျင်းပခဲ့သည်။

အဆိုပါ အသိပညာပေးဟောပြောပွဲ၌ နယ်စပ်ရေးရာဝန်ကြီးဌာန ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်း ကျောင်းအုပ်ဆရာကြီး ဦးသီဟဖြိုးက အဖွင့်အမှာစကားပြောကြားပြီး လူငယ်ရေးရာနှင့်အားကစားဝန်ကြီးဌာန မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဦးလှမျိုးမြင့်က “လူငယ်နှင့်အားကစား”၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးစိုင်းထွန်းကျော်က “လူငယ်နှင့်အကျင့်စာရိတ္တ” ခေါင်းစဉ်တို့ဖြင့် အသိပညာပေး ဟောပြောခဲ့ကြသည်။

ယင်းနောက် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ချက်မှတ်တမ်းဓာတ်ပုံများနှင့် လူငယ်ရေးရာအသိပညာပေး နံရံကပ်စာစောင်များကို နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။         

မင်းလွင်ဦး(တန့်ယန်း)