မိုင်းပျဉ်း ဇူလိုင် ၁၁
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဥ်းမြို့၌ ဟောင်ကန်ကျေးရွာအုပ်စု၊ ဝမ်ယန်းကျေးရွာရှိ စံညီစာကြည့်တိုက်အား ရေရှည်ရှင်သန်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ယမန်နေ့ မွန်းလွဲ (၂) နာရီက မြို့နယ်စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးကြီးကြပ်မှု ကော်မတီအဖွဲ့ဝင်များပူးပေါင်း၍ ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ထိုကဲ့သို့ ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်နန်းသန္တာဦးနှင့် စာကြည့်တိုက်များ ဖွံဖြိုးတိုးတက်ရေးကော်မတီအဖွဲ့ဝင်များက ဟောင်ကန်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၊ စာကြည့်တိုက်တာဝန်ခံနှင့်တွေ့ဆုံ၍ စာကြည့်တိုက် ရေရှည်ရှင်သန်ရေး၊ စာကြည့်တိုက်ဝန်းကျင် သန့်ရှင်းသပ်ရပ်မှုရှိရေး၊ စာဖတ်ပရိသတ် တိုးပွားလာစေရေး၊ စာကြည့်တိုက်ပရိဘောဂများ ထပ်မံတိုးပွားလာရေး၊ စာအုပ်စာစောင်များ နည်းပေါင်းစုံဖြင့် ဖြည့်တင်းဆောင်ရွက်နိုင်ရေး၊ စာကြည့်တိုက်အား စာကြည့်တိုက် အင်္ဂါရပ်နှင့်အညီ စနစ်တကျရှိရေးတို့ကို ဆွေးနွေးပြောကြားကြရာ၊ ကျေးရွာစာကြည့်တိုက် တာဝန်ခံ ဦးမိုးကျော်က စာကြည့်တိုက်အတွက် ဆောင်ရွက်ထားရှိမှုများ၊ ဆက်လက်ဆောင်ရွက်သွားမည့် အကြောင်းအရာများကို ပြန်လည်ဆွေးနွေးခဲ့ကြောင်း သိရသည်။
အဆိုပါ စာကြည့်တိုက် ရေရှည်ရှင်သန်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကွင်းဆင်းဆောင်ရွက်ခြင်းအား မြို့နယ်စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေး ကြီးကြပ်မှုကော်မတီမှ လစဉ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရသည်။
နန်းသန္တာဦး(ပြန်/ဆက်)