ပြင်းထန်ကာလဝမ်းရောဂါကူးစက်ပြန့်ပွားမှုမရှိစေရေး အသိပညာပေးခြင်းနှင့် Bleaching Powder (Chlorine) ဆေးခပ်ခြင်းဆောင်ရွက်

သုံးခွ ဇူလိုင် ၁၀

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးသင်ကျောင်းများနှင့်ဈေးအတွင်းအပြင်သို့  ပြင်းထန်ကာလဝမ်းရောဂါကူးစက်ပြန့်နှံ့မှုမရှိစေရေးနှင့် ကြိုတင်ကာကွယ်နိုင်ရန်အတွက် အသိပညာပေးခြင်းနှင့်  Bleaching Powder (Chlorine)ဆေးခပ်ခြင်းများ ဆောင်ရွက်ခြင်းကို ယမန်နေ့နံနက် ၈ နာရီအချိန်က ပြုလုပ်ခဲ့ကြသည်။

ဦးစွာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးအစည်းအဝေးခန်းမတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးမင်းအောင်က မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများ၊ ဆယ်အိမ်မှူး/ရာအိမ်မှူးများ၊ လူမှုရေးအသင်းဖွဲ့များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် ပရဟိတအသင်းအဖွဲ့များအနေဖြင့် ကာလဝမ်းရောဂါကူးစက်ပြန့်ပွားမှုမရှိစေရေး အသိပညာပေးလုပ်ငန်းများကိုပူးပေါင်းဆောင်ရွက်ရန် ဆွေးနွေးပြောကြားခဲ့ပြီး လုပ်ငန်းများဆောင်ရွက်ရန်အတွက် စုဖွဲ့မှုများဖွဲ့စည်းခဲ့သည်။

ဆက်လက်၍ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဦးစီးဌာနမှူးနှင့်ဝန်ထမ်းများက Bleaching Powder(Chlorine) ဆေးဖျော်စပ်နည်းများ၊ ထည့်သွင်းရမည့် အချိုးအစားများကို လက်တွေ့သရုပ်ပြသခဲ့ကြသည်။

ထို့နောက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှု၊ ကျန်းမာရေးဝန်ကြီးဌာန၏ SOP များနှင့်အညီ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးမင်းအောင်နှင့်ဌာနဆိုင်ရာများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် ပရဟိတအသင်းဖွဲ့များက ဘုန်းတော်ကြီးကျောင်းများ/သီလရှင်ကျောင်းများ၊ ဈေးများနှင့် လူနေထိုင်သောရပ်ကွက်/ကျေးရွာများသို့သွားရောက်၍ သံဃာတော်များနှင့် ပြည်သူများအား ကာလဝမ်းရောဂါမဖြစ်ပွားစေရေးအတွက် လိုက်နာဆောင်ရွက်ရမည့်အချက်များကို အသိပညာပေးပြောကြားပြီး ရေသုံးစွဲမှု၊ ရေအရင်းအမြစ်များအား Bleaching Powder (Chlorine) ဆေးခတ်ခြင်း၊ လက်သန့်ဆေးရည်၊ လက်ဆေးဆပ်ပြာများ၊ ရေသန့် ဆေးပြား(Water Purification Tablets)များပေးအပ်ခဲ့ပြီး ရေစည်၊ ရေအိုးများထဲသို့ Bleaching Powder (Chlorine) ဆေးခပ်ခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရသည်။

စည်သူလင်း ပြန်/ဆက်