ပေါင် ဇူလိုင် ၁၀
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြသခြင်းကို ယနေ့ မွန်းလွဲ ၂ နာရီက ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်တင်ဇာစိုးက အာဇာနည်နေ့ ဖြစ်ပေါ်လာပုံအကြောင်းကို အကျယ်တဝင့်ရှင်းလင်းပြောကြားခဲ့သည်။ ထို့ပြင်ကျောင်းစာကိုကြိုးစားကြသလို ဗဟုသုတတိုးပွားရေးအတွက် ပြင်ပစာပေများကိုပါ လေ့လာ ဖတ်ရှုကြခြင်းဖြင့် အသိပညာဗဟုသုတများတိုးပွားလာမည်ဖြစ်ကြောင်း ဟောပြောဆွေးနွေးပြီး ကျောင်းသား၊ကျောင်းသူများက စာဖတ်စွမ်းရည်၊ ပုံပြင်ပြော၊ ကဗျာရွတ်ဆိုခြင်းတို့ကို ယှဉ်ပြိုင်ခဲ့ကြသည်။
ဆက်လက်၍ အ.မ.က (လွန်)ကဒါကမ်းနား ကျောင်းဆရာမက အာဇာနည်နေ့အတွက် ပုံပြင်ပြော၊ ကဗျာရွတ်၊ စာဖတ်စွမ်းရည်ပြိုင်ပွဲများနှင့် ဟောပြောပွဲများကို ပြုလုပ်ပေးသည့်ဌာနကို ကျေးဇူးတင်စကားပြောကြားခဲ့သည်။ ထို့နောက်ကျောင်းသား၊ ကျောင်းသူများက သိလိုသည်များကို အပြန်အလှန်မေးမြန်းခဲ့ပြီး အာဇာနည်နေ့နှင့်ပတ်သတ်သည့် နံရံကပ်စာစောင်များကို ကြည့်ရှုခဲ့ကြောင်း သိရသည်။
မွန်မလေး(ပြန်/ဆက်)