နေပြည်တော် ဇူလိုင် ၁၀
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ် ကြာပင်ကျေးရွာအုပ်စု၊ ထန်းတပင်ကျေးရွာတွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ တိရစ္ဆာန်ရောဂါကာကွယ်ရေးနှင့် ဆေးကုသရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်းတွင် အဆိုပါကျေးရွာရှိ SMUခန်းမ၌ ဆောင်ရွက်သည်။
ကွင်းဆင်းဆောင်ရွက်ရာတွင် နေပြည်တော် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ဥတ္တရခရိုင်မှ ခရိုင်ဦးစီးမှူး ဒေါက်တာဇော်ဝင်းထွန်းက ဘဲမွေးမြူမှုဖွံ့ဖြိုးတိုးတက်ရေး၊ မွေးမြူရေးဒီပလိုမာနှင့် စိုက်ပျိုးမွေးမြူရေးကျောင်းများ အကြောင်းကိုလည်းကောင်း၊ ပြည်သူ့ကျန်းမာရေးဌာနခွဲ(ရုံးချုပ်)မှ သုတေသနအရာရှိ ဒေါက်တာလှိုင်ဝင်းက ဌာန၏လုပ်ငန်းဆောင်ရွက်မှုအပေါ် သဘောထားစစ်တမ်းများ မေးမြန်းခြင်းနှင့် ခွေးရူးရောဂါကာကွယ်တားဆီးရေးအကြောင်းကိုလည်းကောင်း၊ သုတေသနအရာရှိ ဒေါက်တာသန့်ဇော်က ဝက်များတွင် ဖြစ်ပွားတတ်သောရောဂါများအကြောင်းကိုလည်းကောင်း အသီးသီးဆွေးနွေးပြောကြားကြသည်။
ယင်းနောက် တက်ရာက်လာကြသည့် ဒေသခံပြည်သူများက သိလိုသည်များကို မေးမြန်းဆွေးနွေးကြရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားပေးကြပြီး မွေးမြူရေးနှင့်ပတ်သက်သည့် အသိပညာပေးလက်ကမ်းစာစောင်များကို ဖြန့်ဝေးပေးကြသည်။
ထို့နောက် ကျေးရွာအတွင်းရှိ ပိုင်ရှင်ဦးအောင်သန်း၏ ဝက်ခြောက်ကောင်ကို ဆေးကုသပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြကြောင်းသိရသည်။
ထွန်းထွန်းဝင်း (ပြန်/ဆက်)