တိုက်ကြီးမြို့နယ် အဖျောက်မြို့တွင် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ အသိပညာပေး ဆောင်ရွက်

တိုက်ကြီး ဇူလိုင် ၁၀

ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးခရိုင် တိုက်ကြီးမြို့နယ်အဖျောက်မြို့တွင် ပြင်းထန်ဝမ်းပျက် ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ်ရေးအသိပညာပေးခြင်းကို ယနေ့နံနက် ၇ နာရီခွဲက မြို့စည်ပင်သာယာဈေးတွင် အသိပညာပေးဆောင်ရွက်ကြောင်း သိရသည်။

ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးဆောင်ရွက်ရာတွင် အဖျောက်မြို့အုပ်ချုပ်ရေးမှူး ဦးဇော်မင်းထွေးနှင့်ဝန်ထမ်းများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် လူမှုရေးအသင်းအဖွဲ့များက ဈေးအတွင်းအအပြင်တွင် ရောင်းချလျက်ရှိသော စားသောက်ဆိုင်များနှင့် ဈေးရောင်းဈေးဝယ် ပြည်သူများအား မိုးရာသီကာလတွင် အဖြစ်များသည့် ပြင်းထန်ဝမ်းပျက်ဝမ်းလျောရောဂါကြိုတင်ကာကွယ်ရေးအတွက် အသိပညာပေးခြင်းနှင့် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် သတိပေးနှိုးဆော်ချက်များကို  ရှင်းလင်းပြောကြားခြင်းတို့ကို   အသိပညာပေးဆောင်ရွက်သည်။

အလားတူ တိုက်ကြီးမြို့နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက်၊ကျေးရွာနှင့် အခြေခံပညာကျောင်းများတွင်လည်း ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများကိုဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် လူမှုရေးအသင်း အဖွဲ့များက အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

စန်းကလျာခိုင်(ပြန်/ဆက်)