မှော်ဘီမြို့နယ်တွင် ဝမ်းပျက်ဝမ်း‌လျှောရောဂါကြိုတင်ကာကွယ်ရန်နှင့် အစားအသောက်များ သန့်ရှင်းလတ်ဆတ်မှု ရှိ/မရှိကွင်းဆင်းစစ်​ဆေး

မှော်ဘီ ဇူလိုင် ၁၀

ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ်တွင် ဝမ်းပျက်ဝမ်း‌လျှောရောဂါကြိုတင်ကာကွယ်ရန် အသိပညာပေးနှိုးဆော်ခြင်းနှင့် အစား​အ​သောက်များသန့်ရှင်းလတ်ဆတ်မှုရှိ/မရှိနှင့် ရေတွင်းရေကန်များ၊ ယင်လုံအိမ်သာများသန့်ရှင်းမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေး​ခြင်းကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က လူစည်ကားရာနေရာများ၊​ စျေးများနှင့်စာသင်ကျောင်းများတွင် လိုက်လံစစ်ဆေးဆောင်ရွက်သည်။ ​ဆက်လက်၍ မြောက်ပိုင်းခရိုင်ပြည်သူ့ကျန်းမာရေးဉီးစီးဌာနမှတာဝန်ရှိသူများက ကျောင်းများအတွင်းရှိ ဈေးသည်များနှင့်ရောင်းချနေသော အစားအသောက်များသန့်ရှင်းလတ်ဆတ်မှုရှိအောင် ရောင်းချရန်နှင့် ခြင်၊ ယင်များမနားစေရန်၊ လတ်ဆတ်သောအစားအသောက်များသာ ရောင်းချရန်၊ သန့်ရှင်းသောရေကိုသောက်သုံးရန်၊ အိမ်သာများသန့်ရှင်းစွာထားရှိရန်၊ လက်များစင်ကြယ်စွာဆေးကြောရန်၊ မိုးရာသီကာလတွင်ဖြစ်ပွားမှုများပြားနိုင်သည့် ပြင်းထန်ဝမ်းပျက်ဝမ်း‌လျှော‌ရောဂါ ကြိုတင်ကာကွယ်ရေးနည်းလမ်းများဖြစ်သည့် ဆောင်ရန်နှင့်ရှောင်ရန်အချက်များကို သိရှိလိုက်နာစေရန်အတွက် အသိပညာ​ပေး​ပြောကြားခြင်း၊ Hand Speaker များ၊​ မော်​တော်ယာဥ်များဖြင့် အသိ‌ပေးနှိုးဆော်ခြင်းများ၊ လက်ကမ်းစာစောင်ဝေငှခြင်းနှင့် အသိပညာ​ပေးဗီနိုင်းများ၊ ပိုစတာများကပ်ခြင်းတို့ကိုဆောင်ရွက်ခဲ့​ကြသည်။

ထို့နောက် မြောက်ပိုင်းခရိုင်ပြည်သူ့ကျန်းမာရေးဉီးစီးဌာနမှ ဒေါက်တာအေးငြိမ့်ဦးနှင့်ဦးစီးအရာရှိဒေါ်နန်းသူဇာမြိုင်၊ မှော်ဘီမြို့နယ်ပြည်သူ့ကျန်းမာရေးအဖွဲ့များက မှော်ဘီမြို့နယ်ရှိအ.ထ.က(၁)၊ အ.ထ.က(၂)၊ အ.ထ.ကတပ်ကြီးကုန်းကျောင်းများသို့ ကျန်းမာရေးအသိပညာပေးဟောပြောခဲ့ပြီး မုန့်စျေးတန်းများစစ်ဆေးခြင်း၊ အမှိုက်သိမ်းစနစ်များနှင့်အိမ်သာများစစ်ဆေးခြင်း၊ ရေတွင်း၊ ရေကန်နှင့်သောက်သုံးရေတို့အား စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဝင်းဇော်(ပြန်/ဆက်)မှော်ဘီ