တာမွေမြို့နယ်အတွင်း ဝမ်းပျက်/ဝမ်းလျှောရောဂါ ဖြစ်ပွားခဲ့သည့်နေရာများသို့ ကွင်းဆင်းကြည့်ရှုစစ်ဆေး

တာမွေ  ဇူလိုင် ၁၀

ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ် ဝမ်းပျက်/ဝမ်းလျှောရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီအသင်းဝင်များ၊ မြို့နယ်လူမှုကူညီရေးအသင်းအဖွဲ့များပူးပေါင်း၍ ယနေ့မွန်းလွဲပိုင်းအချိန်က မြို့နယ်အတွင်း ဝမ်းပျက်/ဝမ်းလျှောရောဂါ ဖြစ်ပွားခဲ့သည့်နေရာများသို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြသည်။

ထိုကဲ့သို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင် တာမွေမြို့နယ် ဝမ်းပျက်/ဝမ်းလျှောရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ သက်ဆိုင်ရာတာဝန်ရှိသူများသည် မြို့နယ်အတွင်း ဝမ်းပျက်/ဝမ်းလျှောရောဂါ ဖြစ်ပွားခဲ့သည့် တာမွေကြီး(ခ)ရပ်ကွက် ကျိုက္ကဆံ အားကစားကွင်းအတွင်းရှိ လူနေအိမ်များတွင် နေထိုင်ကြသော ပြည်သူများ၏ နေထိုင်စားသောက်မှုအခြေအနေများ၊ ကျန်းမာရေးအခြေအနေများကို အဓိကထား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခဲ့ကြသည်။ ထို့အပြင် မြို့နယ်အတွင်း ဝမ်းပျက်/ဝမ်းလျှောရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ပြင်းထန်ဝမ်းပျက်/ဝမ်းလျှောရောဂါနှင့် ပတ်သက် ၍ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိပြီး တိတိကျကျလိုက်နာဆောင်ရွက်နိုင်စေရန် အသိပညာပေးဟောပြောခြင်း၊ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကိုလည်း အရှိန်အဟုန်မြှင့် ဆောင်ရွက်ခဲ့ကြသည်။

ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ်တွင် ၂၀၂၄-ခုနှစ် ဇွန်လ(၂၃)ရက်နေ့မှ စတင်ကာ ဝမ်းပျက်/ဝမ်းလျှောရောဂါဖြစ်ပွားမှုများ ဖြစ်‌ပေါ်ခဲ့ပြီး ယနေ့အထိ ဝမ်းပျက်/ဝမ်းလျှောရောဂါဖြစ်ပွားသူ(၁၄)ဦးအထိရှိရာ ပြန်လည်ကောင်းမွန်လာသူ(၉)ဦးရှိ၍ လက်ရှိဆေးကုသမှုခံယူ နေသူ(၅)ဦးရှိကြောင်း မြို့နယ်ဝမ်းပျက်/ဝမ်းလျှောရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းကော်မတီမှ သိရသည်။

နိုင်လင်းအောင်(ပြန်/ဆက်)