သထုံ ဇူလိုင် ၁၀
မွန်ပြည်နယ်၊ သထုံခရိုင်၏ စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်လှုပ်ရှားမှုအဖြစ် လူငယ်စကားဝိုင်း၊ စာပေဟောပြောပွဲနှင့် ပြိုင်ပွဲများကျင်းပခြင်းတို့ကို ယနေ့နံနက်က အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သည်။
လူငယ်စကားဝိုင်းတွင် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူ ၅ ဦးတို့က လူငယ်နှင့်စာဖတ်ခြင်း၊ စာအုပ်စာပေလူ့မိတ်ဆွေ၊ စာဖတ်ခြင်း၏အကျိုး၊ ကျွန်ုပ်နှစ်သက်သောစာအုပ်တစ်အုပ်ခေါင်းစဉ်တို့ဖြင့် ၎င်းတို့ဖတ်ရှုလေ့လာထားသည့် စာရေးသူ၏ဆိုလိုရင်းနှင့် ၎င်းတို့၏အတွေ့အကြုံများ၊ အတွေးအခေါ်များတို့ကို ကျယ်ကျယ်ပြန့်ပြန့် မျှဝေဆွေးနွေးကြပြီး စာရေးသူရွှေထုံခင်သီတာလှိုင်က "အနာဂတ်ကိုပုံဖော်ကြမည့် လူတော်လူကောင်းများ" ခေါင်းစဉ်ဖြင့် စာပေရေးရာများကို ဟောပြောဆွေးနွေးရာ ကျောင်းသားကျောင်းသူများက စိတ်ပါဝင်စားစွာဖြင့် မှတ်သားကြကာ သိလိုသည်တို့ကို မေးမြန်းဆွေးနွေးခဲ့ကြသည်။
ပွဲတော်တွင် အထက်တန်းနှင့် အလယ်တန်းအဆင့် ကျပန်းစကားပြောပြိုင်ပွဲ၊ အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲ၊ မူလတန်းအဆင့် ပုံပြင်ပြောကဗျာရွတ်ပြိုင်ပွဲများနှင့် စကားပုံဆက်၊ အရုပ်ဆက်၊ ဆေးရောင်ခြယ်၊ ခုံဖိနပ်စီး၊ ခွက်နင်း၊ ခါးကွင်းလှည့်စသည့် ပျော်ရွှင်စရာကစားနည်းအစီအစဉ်များကို ထည့်သွင်းကျင်းပပေးရာ သထုံမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းအသီးသီးတို့မှ ကျောင်းသားကျောင်းသူများ တပျော်တပါး ဝင်ရောက်ယှဉ်ပြိုင် ဆော့ကစားခဲ့ကြသည်။
အဆိုပါပွဲတော်ကို နှစ်ရက်ကြာကျင်းပပြုလုပ်မည်ဖြစ်ပြီး ဟောပြောပွဲ၊ ပြပွဲ၊ ပြိုင်ပွဲများ၊ ပျော်ရွှင်စရာကစားနည်းများ ဆုချီးမြှင့်ပေးခြင်းများတို့ဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်