တောင်သာမြို့နယ် သပြေပင်ကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း မိတ်ဆက်ရှင်းလင်းခြင်းနှင့် လုပ်ငန်းအဖွဲ့ ဖွဲ့စည်းဆောင်ရွက်

တောင်သာ ဇူလိုင် ၁၀

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းနှင့် မိသားစုဝင်ငွေတိုးလုပ်ငန်းများ ဆောင်ရွက်ရန်နှင့်လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ မြစိမ်းရောင်ကျေးရွာစီမံကိန်းကိုအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွင်း အကောင်အထည်ဖော်မည့် မန္တလေး တိုင်းဒေသကြီး၊ တောင်သာမြို့နယ်၊ သပြေပင်ကျေးရွာ၌ စီမံကိန်းအကြောင်း မိတ်ဆက်ရှင်းလင်းခြင်းနှင့်လုပ်ငန်းအဖွဲ့  ဖွဲ့စည်းပေးခြင်းကို ယနေ့နံနက် ၈ နာရီခွဲအချိန်က အဆိုပါကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးမြတ်မျိုးထွန်းက စီမံကိန်းနောက်ခံသမိုင်းအကြောင်း၊ ဆောင်ရွက်မည့်နည်းလမ်း၊ လုပ်ငန်းစဉ်များ၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဥပဒေပါကျေးလက်နေပြည်သူများ၏ တာဝန်နှင့်ရပိုင်ခွင့်များ၊ အရင်းမပျောက်လည်ပတ်ရန်ပုံငွေဆိုင်ရာ ဆောင်ရွက်ရမည့်နည်းလမ်းများ၊ အတိုးနှုန်းသတ်မှတ်ခြင်းနှင့်လုပ်ငန်းအဖွဲ့၏ အရည် အချင်းသတ်မှတ်ချက်များ စသည်တို့ကိုရှင်းလင်းပြောကြားပြီး ကျေးရွာအတွက်အမှန်တကယ် အချိန်ပေး စေတနာထားဆောင်ရွက်ပေးနိုင်မည့် စေတနာ့ ဝန်ထမ်းမျိုးရွေးချယ်ပေးရန် မှာကြားခဲ့သည်။ ယင်းနောက် မြို့နယ်စီမံကိန်းတာဝန်ခံ ဒေါ်ပပဝင်းခိုင်က ဆန္ဒပြုရွေးချယ်ပေးရမည့်နည်းလမ်းများကိုရှင်းပြကာ တက်ရောက်လာသော ကျေးရွာသူ/ကျေးရွာသားများက အများသဘောတူ လုပ်ငန်းအဖွဲ့ဝင် ကျား(၅) ဦး၊မ(၄) ဦး၊ စုစုပေါင်း (၉) ဦးကို ရွေးချယ်ပေးကြောင်း၊ ဆက်လက်ပြီး ထမ်းဆောင်ရမည့်တာဝန်များကိုလည်း တစ်ဦးချင်းခွဲဝေသတ်မှတ်ပေးခဲ့ကြောင်း၊ သပြေပင်ကျေးရွာသည် အိမ်ခြေ ၈၅ အိမ်ရှိသည့်အတွက် အိမ်(၅၁)အိမ်နှင့်အိမ်ခြေ(၁၀၀)ကြားသတ်မှတ်သည့် သိန်း (၂၀၀)မတည်ပေးမည့် Type-2 အမျိုးအစားဖြစ်ကြောင်း၊ မြစိမ်းရောင်ကျေးရွာစီမံကိန်းသည် ဆင်းရဲမှုလျှော့ချရေး လုပ်ငန်းတစ်ခုဖြစ်သည့်အတွက် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာစေမည်ဖြစ်ကြောင်း မြို့နယ်ဦးစီးမှူး ဦးမြတ်မျိုးထွန်းက ပြောသည်။

ကျော်မျိုးနိုင်(တောင်သာ)