ကော့မှူး ဇူလိုင် ၁၀
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်၊ တောင်ပိုင်းရပ်ကွက်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ယနေ့နံနက်က လတ်တလောဖြစ်ပွားနေသည့်ဝမ်းပျက်၊ ဝမ်းလျှောရောဂါဖြစ်ပွားမှုနှင့်ပတ်သက်၍ ကြိုတင်ကာကွယ်နိုင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးအား ကျင်းပခဲ့ကြောင်း သိရသည်။
အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဒေဝကလတ်တလောဖြစ်ပွားနေသည့် ပြင်းထန်ဝမ်းပျက်၊ ဝမ်းလျှောရောဂါသည် ကူးစက်မြန်သည့်အတွက် ကာကွယ်ရေးလုပ်ငန်းများအား ကျန်းမာရေးဦးစီးဌာနနှင့် ပူးပေါင်းဆောင်ရွက်ကြရန်၊ ရပ်ကွက်/ကျေးရွာအုပ်စုများအတွင်း ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်သောလိုက်နာရန်အချက်များအား နေ့စဉ်နံနက်တစ်ကြိမ်၊ ညနေတစ်ကြိမ်ကြေညာရန်၊ ဘုန်းတော်ကြီးကျောင်း၊ သီလရှင်ကျောင်းများ၊ စာသင်ကျောင်းများနှင့်ဈေးများတွင် ကျန်းမာရေးဦးစီးဌာနနှင့်ပူးပေါင်း၍ ကလိုရင်းဆေးခတ်ခြင်း၊ ထုံးဖြူးခြင်းနှင့်ကျန်းမာရေးအသိပညာပေးခြင်းလုပ်ငန်းများဆောင်ရွက်ကြရန် ပြောကြားခဲ့သည်။ ဆက်လက်၍ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးမှူးအဆင့်(၁)ဦးစိုးဝင်းထွန်းက ကလိုရင်းဆေးအသုံးပြုပုံများအား အသိပညာပေးပြောကြားခြင်း၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထောက်ပံ့သောလက်သန့်ဆေး၊ Water Purification ဆေးပြားများ၊ လက်ဆေးဆပ်ပြာ၊ ဓာတ်ဆားနှင့်ကလိုရင်းဆေးမှုန့်များအား ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများထံ ပေးအပ်ခဲ့ကြောင်းသိရသည်။
အဆိုပါအစည်းအဝေးသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဒေဝနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ကျန်းမာရေးဦးစီးဌာနမှဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ၊ စည်ပင်ဈေးတာဝန်ခံများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များတက်ရောက်ခဲ့ကြောင်း သိရသည်။
ကျော်သူရ