(၂၅)ကြိမ်မြောက်မိတ္ထီလာခရိုင်အဆင့် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်း အဝေးကျင်းပ

မိတ္ထီလာ ဇူလိုင် ၁၀

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့၌ ၂ဝ၂၄ ခုနှစ် (၂၅)ကြိမ်မြောက် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီအချိန်က ခရိုင်အထွေထွေအုပ်ချုပ်ရေးအစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါလုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်ဇော်ဦးက ဦးစွာ အဖွင့်အမှာစကားပြောကြားရာတွင် ယမန်နှစ်က (၂၄)ကြိမ်မြောက် ခရိုင်အဆင့် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကို စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ခဲ့ကြောင်း၊ ၎င်းအပြင် တိုင်းဒေသကြီးအဆင့်၊ ဗဟိုအဆင့် ပြိုင်ပွဲများအထိ ခရိုင်ကိုယ်စားပြုသွားရောက် ယှဉ်ပြိုင်ခဲ့နိုင်သူများလည်း ပေါ်ထွက်ခဲ့ပြီး ထိုက်သင့်သည့် အောင်မြင်မှုများလည်းရရှိခဲ့ပါကြောင်း၊ ယခုနှစ်တွင်လည်း အလားတူ စည်ကားသိုက်မြိုက်စွာကျင်းပပြီး အတိုင်းအတာတစ်ခုအထိ အောင်မြင်မှုရရှိအောင် ဝိုင်းဝန်းကြိုးစားဆောင်ရွက်ကြရန်လိုအပ်ကြောင်းစသည်ဖြင့် ထည့်သွင်းပြောကြားသည်။ ထို့နောက် တက်ရောက်လာကြသည့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မိတ္ထီလာ၊ မလှိုင်၊ ဝမ်းတွင်း၊ သာစည်မြို့နယ်များမှ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် ခရိုင်မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများက ဆွေးနွေးတင်ပြကြရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက ပြန်လည်ဆွေးနွေး ပြောကြားခဲ့သည်။ အဆိုပါခရိုင်အဆင့် (၂၅)ကြိမ်မြောက် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကို ဩဂုတ်လ ၇ ရက်နေ့တွင် မိတ္ထီလာမြို့ အောင်မင်္ဂလာခန်းမ၌ စည်ကားသိုက်မြိုက်စွာကျင်းပသွားမည်ဖြစ်ကြောင်းသိရသည်။

ချမ်းသာ