မိတ္ထီလာ ဇူလိုင် ၁ဝ
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့ လူထုအခြေပြုဗဟိုဌာနခန်းမ၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာန၊ မြို့နယ်စာရေးဆရာအသင်းတို့ ပူးပေါင်းကျင်းပသော စာဖတ်ဝိုင်းနှင့် စာအုပ်လှူဒါန်းပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီခွဲအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားတွင် မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌ စာရေးဆရာတင်တော်က ဦးစွာဆွေးနွေးပြောကြားရာတွင် ယခုနှစ်ကျောင်းဖွင့်ရာသီတွင် ပထမဆုံးကျင်းပသည့် စာဖတ်ဝိုင်း၌ ကျောင်းသား၊ ကျောင်းသူများ ပါဝင်ဆွေးနွေးနိုင်ခြင်းမရှိသော်လည်း ဆက်လက်ကျင်းပမည့် စာဖတ်ဝိုင်းများတွင် ပါဝင်ဆွေးနွေးကြရမည်ဖြစ်သည့်အတွက် ပြင်ဆင်ဆောင်ရွက်ထားကြရန်လိုအပ်ကြောင်း ပြောကြားပြီး ၎င်းရေးသားခဲ့သည့် စာပေဗိမာန်ဆုရ တုမဲ့နှုန်း၍ ရွှေဘုန်းမော် နိုင်ပါစေဝတ္တုတိုများ စုစည်းမှုစာအုပ်နှင့်ပတ်သက်၍ ဆွေးနွေးပြောကြားသည်။ ဆက်လက်၍ စာရေးဆရာဘိုမျိုး(ရွှေဘို)က ကျောင်းသူကျောင်းသားများအတွက် သုတရသစာပေရေးရာများကို ဆွေးနွေးပြောကြားခဲ့သည်။ ထို့နောက် ခရိုင်ပြည်သူ့စာကြည့်တိုက်အတွက် သုတရသစာအုပ်များကို စာရေးဆရာတင်တော်နှင့် အလှူရှင်မိသားစုကိုယ်စား စာရေးဆရာရွှေညာမြေ မြတ်သင်းကြိုင်တို့က ပေးအပ်လှူဒါန်းရာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူးဦးမျိုးမင်းဇော်က လက်ခံရယူခဲ့သည်။ အဆိုပါစာဖတ်ဝိုင်းနှင့် စာအုပ်လှူဒါန်းပွဲသို့ မြို့နယ်စာရေးဆရာအသင်းမှ စာရေးဆရာများ၊ ကျောင်းသူကျောင်းသားများနှင့် ဆရာဆရာမများ တက်ရောက်ခဲ့ကြောင်းသိရသည်။
ချမ်းသာ