ကွန်ဟိန်း ဇူလိုင် ၁၀
ကျောင်းသား/သူများ ဗလငါးတန်နှင့်ပြည့်စုံပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် ရှမ်းပြည်နယ်(တောင်ပိုင်း) နမ့်စန်ခရိုင်၊ ကွန်ဟိန်းမြို့၊ (ဝိန်းနန်း)အခြေခံပညာမူလတန်းကျောင်း၌ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ ယနေ့ နံနက် ၁၁ နာရီက လူငယ်ရေးရာနှင့်အားကစားဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးခွန်ရဲထွေးက လူငယ်များအနေဖြင့် မိမိအသိပညာစွမ်းရည်များ တိုးတက်မြင့်မားအောင် စာအုပ်စာပေများကို လေ့လာဖတ်ရှုရန်လိုအပ်ကြောင်း၊ စာအုပ်စာစောင်များ ဖတ်မှသာလျှင် အသိပညာဗဟုသုတတိုးပွားမည်ဖြစ်ကြောင်း၊ အမှားအမှန်ဝေဖန်ပိုင်းခြားနိုင်မှုသည် စာပေဗဟုသုတမှာပင်ရှိပါကြောင်း၊ စာအုပ်စာပေများမှရရှိလာသည့် အသိပညာဗဟုသုတများဖြင့် မိမိ၏ဘဝကို တိုးတက်မြင့်မားလာအောင် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း အသိပညာပေးဟောပြောပြီး အားကစားနှင့်ကာယပညာဦးစီးဌာန၊ ဒေါ်မြတ်မွန်ဖြိုးက ကိုယ်ခန္ဓာကျန်းမာကြံ့ခိုင်ရန် ကိုယ်လက်လှုပ်ရှားအားကစားလည်း အရေးကြီးကြောင်း အသိပညာပေး ဟောပြောခဲ့သည်။
ထို့နောက် အားကစားနှင့်ကာယပညာဦးစီးဌာန၊ ဒေါ်မြတ်မွန်ဖြိုးက ကျောင်းသား၊ ကျောင်းသူများအတွက် အားကစားပစ္စည်းများ ပေးအပ်ခဲ့ရာ ကျောင်းအုပ်ဆရာမကြီး ဒေါ်ထွေးရီက လက်ခံရယူခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)