ရွှေပြည်သာ ဇူလိုင် ၁၀
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံခရိုင်၊ ရွှေပြည်သာမြို့နယ်၌ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကာကွယ်ရေး အသိပညာပေးဆွေးနွေးဟောပြောပွဲကို ယမန်နေ့ မွန်းလွဲ(၁)နာရီက အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ရွှေပြည်ရတနာခန်းမ၌ ကျင်းပသည်။
အသိပညာပေးဆွေးနွေးဟောပြောပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ဦးက ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ကာကွယ်ရေးနှင့်ပတ်သက်၍ အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမြတ်မြတ်နှင်းက ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားမှုလက္ခဏာများ၊ ကြိုတင်ကာကွယ်ရေးနည်းလမ်းများ၊ မြို့နယ်အတွင်း ကြိုတင်ကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်နေမှုအား ရှင်းလင်းပြောကြားကာ ကျန်းမာရေးဝန်ထမ်းများက Bleaching Power လက်တွေ့အသုံးပြုပုံအား ပြသခဲ့ကြသည်။
ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးဆွေးနွေးဟောပြောပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ရွှေပြည်သာမြို့နယ်အတွင်းရှိ ကျောင်းများမှ ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများ၊ ကျောင်းသား၊ ကျောင်းသူများတက်ရောက်ကြပြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကာကွယ်ရေးအတွက် ကျန်းမာရေးသုံးပစ္စည်းများကို ပေးအပ်ခဲ့ကြောင်းသိရသည်။
နေမျိုးထွန်း(ပြန်/ဆက်)