(၇၇)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲနှင့် ပန်းချီ၊ စာစီစာကုံး၊ ကျပန်း၊ ကဗျာရွတ်ပြိုင်ပွဲကို အ.ထ.က(၁)တွံတေးကျောင်း၌ကျင်းပ

တွံတေး ဇူလိုင် ၁၀

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်အခြေခံပညာဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် (၇၇)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲနှင့် ပန်းချီ၊ စာစီစာကုံး၊ ကျပန်း၊ ကဗျာရွတ်ပြိုင်ပွဲကို အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ဇူလိုင်လ ၈ ရက်နေ့ နံနက် ၁၀ နာရီအချိန်က အဆိုပါကျောင်းရှိ ယုဇနခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားကို ကျောင်းသား၊ ကျောင်းသူလေးများက အောင်ဆန်းဇာနည်ကဗျာဖြင့်ဖွင့်လှစ်ပြီး မြို့နယ်ပညာရေးမှူး ဆရာမကြီးဒေါ်ခင်မြချိုက အဖွင့်အမှာစကားပြောကြားကာ အ.ထ.က(၁) ကျောင်းအုပ်ဆရာမကြီးဒေါ်ခင်သက်မာက ဟောပြောပွဲဆောင်ရွက်ရခြင်း၏ရည်ရွယ်ချက်နှင့် အာဇာနည်ခေါင်းဆောင်ကြီးများကို မှတ်မှတ်ရရရှိစေရေး၊ မျိုးချစ်စိတ်ဓာတ်ရှင်သန်နိုးကြားလာစေရေး၊ အာဇာနည်ခေါင်းဆောင်ကြီးများကဲ့သို့ နိုင်ငံ့အကျိုးသယ်ပိုးနိုင်သောခေါင်းဆောင်ကောင်းများ ပေါ်ထွန်းလာစေရေးကို ရှင်းလင်းပြောကြားခဲ့ပြီး အာဇာနည်နေ့ပေါ်ပေါက်လာပုံနှင့် အာဇာနည်ခေါင်းဆောင်ကြီးကိုးဦး၏အကြောင်းကို ဟောပြောခဲ့ကြပြီး အထက်တန်း၊ အလယ်တန်း၊ မူလတန်းအဆင့်ပန်းချီ၊ စာစီစာကုံး၊ ကျပန်း၊ ကဗျာရွတ်ပြိုင်ပွဲများကို ဆက်လက်ကျင်းပခဲ့ရာ ပန်းချီပြိုင်ပွဲတွင်  ထက်၊ လယ်၊ မူအဆင့်မှ(၃၀)ဦး၊ စာစီစာကုံးတွင်ထက်၊ လယ်၊ မူမှ (၄၀)ဦး၊ ကျပန်းတွင် ထက်၊ လယ်အဆင့်မှ(၁၀)ဦး၊ ကဗျာရွတ်ပြိုင်ပွဲတွင် မူလတန်းအဆင့်မှ(၁၂)ဦး ဝင်ရောက်ယှဥ်ပြိုင်သူ ကျောင်းသား၊ ကျောင်းသူ(၉၂)ဦးရှိကြောင်း သိရသည်။

အဆိုပါပြိုင်ပွဲတွင် ဆုရရှိသူများအား အ.ထ.က(၁)တွံတေး၏ ပညာရေးစုံညီပွဲတော်တွင် ကာယ/ဥာဏ စွမ်းဆောင်ရည်တွင် ဆုရရှိသော ကျောင်းသား၊ ကျောင်းများအား ဆုများအသီးသီးချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

တွံတေးသား