ဆိပ်ကြီးခနောင်တို ဇူလိုင် ၁၀
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ မိုးရာသီတွင်ဖြစ်ပွားတတ်သည့် ပြင်းထန် ဝမ်းပျက်/ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို မြို့နယ်ဌာနဆိုင်ရာဝန်ထမ်းများ ပူးပေါင်း၍ အရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ၊ ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များက သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် ပူးပေါင်း၍ စျေးများ၊ အခြေခံပညာကျောင်းများတွင် ဝမ်းပျက်/ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ်ရေးအသိပညာပေး ဗီနိုင်းပိုစတာများ ကပ်ထားကြေညာခြင်း၊ အများသုံးသောက်သုံးရေကန်များအတွင်း ရေသန့်စင်ဆေးပြားထည့်ပေးခြင်း ရပ်ကွက်နေပြည်သူများအား ဝမ်းပျက်/ ဝမ်းလျှောရောဂါကြိုတင် ကာကွယ်ရေးအတွက် လိုက်နာဆောင်ရွက်သင့်သည်များကို အသိပေးပြောကြားခြင်းနှင့် ဝမ်းပျက်/ဝမ်းလျှော ရောဂါဖြစ်ပွားပါက ကျန်းမာရေးဌာနသို့ ချက်ချင်းအကြောင်းကြားလာရောက်၍ ထိရောက်စွာ ဆေးဝါးကုသမှုခံယူရေးတို့ကို အသိပေးပြောကြားခဲ့သည်။
ဆိပ်ကြီးခနောင်တိုမြို့နယ်တွင် ရပ်ကွက် ၉ ရပ်ကွက်ရှိရာ ကျန်ရှိသော ရပ်ကွက်နေပြည်သူများကိုလည်း ယခုကဲ့သို့ ပြင်းထန် ဝမ်းပျက်/ ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဝေယံ (ပြန်/ဆက်)