ငါန်းဇွန်မြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ စာဖတ်ဝိုင်း ဆွေးနွေးပွဲပြုလုပ်

ငါန်းဇွန် ဇူလိုင် ၁၀

မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့နံနက်၁၀နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) တို့ ပူးပေါင်းပြီး စာရေးဆရာ မောင်ခင်မင်(ဓနုဖြူ)၏ “အမွေခံတစ်ယောက်အမွေပေးသူတစ်ရာ၊ လူငယ်နှင့်ပညာဆိုင်ရာစာစု” စာအုပ်ကို လေ့လာဖတ်ရှု၍ စာဖတ်ဝိုင်းဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။

စာဖတ်ဝိုင်းဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ငါန်းဇွန်မြို့နယ်ရုံးမှ ဦးစီးအရာရှိ ဒေါ်နေခြည်ဦးက “အမွေခံတစ်ယောက်အမွေပေးသူတစ်ရာ” ခေါင်းစဉ်ဖြင့် ကျောင်းသားဘဝကို ဖြတ်သန်းခဲ့သော လူငယ်တစ်ဦး၏ ဘဝခရီးမှာ တင့်တင့်တယ်တယ် လျှောက်လှမ်းနိုင်အောင် ပညာအမွေ၊ စိတ်ဓာတ်အမွေများ လက်ဆင့်ကမ်းရုံမက တစ်ကိုယ်ရေ ကျန်းမာရေးမှသည် ပတ်ဝန်းကျင်နှင့် သဟာဇာတဖြစ်အောင် နေထိုင်ဆက်ဆံတတ်ဖို့အထိ ဘက်စုံပျိုးထောင်ပေးခဲ့သော ဆရာ၊ ဆရာမပေါင်း ရာဂဏန်းအထိရှိပုံကို စာရေးသူအနေဖြင့် ကိုယ်တွေ့သတိပြုဆင်ခြင်မိသောအခါ  ပီတိအဟုန် ပျံ့နှံ့သွားသည်နှင့်အမျှ ဆရာ၊ ဆရာမများ၏ ဂုဏ်ကျေးဇူးကို အလေးအနက် နှလုံးသွင်းမိကြောင်း ဖတ်ရှုရသလို အဆိုပါစာအုပ်ဖတ်ရှုသူ အားလုံးသည်လည်း မိမိတို့ဘဝခရီးမှာ တင့်တင့်တယ်တယ် လျှောက်လှမ်းနိုင်အောင် ဘက်စုံပျိုးထောင်ပေးခဲ့တဲ့ ဆရာ၊ ဆရာမတွေရဲ့ ဂုဏ်ကျေးဇူးတွေကို အလေးအနက်ထား ဆင်ခြင်မိကြမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။

ထို့နောက် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း(Book Club)မှ အဖွဲ့ဝင် မခိုင်သဇင်ဇော် (Grade-11)က “စာသင်ရာမှာ ရယ်မောစရာ” ခေါင်းစဉ်ဖြင့် ကျောင်းသင်ခန်းစာ သင်ကြားရာမှာ ဘယ်လို ခက်ခဲလေးပင်တဲ့ စာမျိုးဘဲဖြစ်ဖြစ် ပေါ့ပါးရွှင်ကြည်သွားအောင် သင်ကြားပို့ချနိုင်စွမ်းရှိတဲ့ ဆရာ၊ ဆရာမတွေကတော့ ပျော်ရွှင်ဖွယ်စကားတွေကို အလိုက်သင့်ထည့်သွင်းပြီး သင်ခန်းစာတွေကို သင်ကြားပို့ချရာ စာသင်သားတွေအတွက် စွဲစွဲမြဲမြဲမှတ်မိသွားစေကြောင်း၊ စာသင်ကြားရာမှာ ဟာသပါအောင် ရွှင်ရွှင်သွက်သွက် သင်ကြားနိုင်တဲ့ အာဝဇ္ဇန်းဟာ ဆရာတိုင်းမှာရှိတဲ့  အရည်အချင်းတော့ မဟုတ်ပါဘူး၊ စာအသင်ကောင်းတဲ့ ဆရာများမှာသာ ပိုင်ဆိုင်တဲ့ အရည်အချင်းပါ။ အဲလိုသင်လိုက်တဲ့အတွက် စာသင်သားတွေအတွက် ပိုမိုမှတ်မိအောင် ပိုမိုနားလည်အောင် များစွာအထောက်အကူပြုစေကြောင်းကိုလည်းကောင်း၊ မဆုသျှန်ဝင်း(Grade-10)က “စာစီစာကုံးနှင့် ကိုယ်စွမ်းကိုယ်စ” ခေါင်းစဉ်ဖြင့် စာစီစာကုံးရေးသားခြင်းသည် ကျောင်းသားတစ်ဦးချင်း၏ မြန်မာစာအရေးအသားအရည်အသွေး တိုးတက်သည်ထက် တိုးတက်အောင် လေ့ကျင့်သင်ကြားပေးခြင်းဖြစ်ကြောင်း၊ စာစီစာကုံးမေးခွန်းဟာ အမှတ်များများပေးသော မေးခွန်းဖြစ်ပြီး မူလတန်းကစ၍ အလယ်တန်း၊ အထက်တန်း၊ တက္ကသိုလ်စာမေးပွဲတွေမှာ စာစီစာကုံးရေးသားရပါကြောင်း၊ ထို့အပြင် အမှတ်တရနေ့များနဲ့ ပတ်သက်တဲ့ စာစီစာကုံးပြိုင်ပွဲတွေမှာလည်း ပါဝင်ယှဉ်ပြိုင်ရေးသားကြရပါကြောင်း၊ ကျောင်းသားများအနေနဲ့ မိမိတို့ရဲ့ အတွေ့အကြုံ၊ ကိုယ်တွေ့စာတွေ့တွေနဲ့အတူ အတွေးအခေါ် အယူအဆတွေကို ကိုယ်ပိုင်အရေးအသားနဲ့ ရေးသားဖော်ပြခြင်းကို လေ့ကျင့်ကြစေရန်ကိုလည်းကောင်း၊ မစုမြတ်နိုး (Grade-10)က“ပညာတတ်ဖို့စာဖတ်ရမည်” ခေါင်းစဉ်ဖြင့် အသိအမြင်တိုးပွားအောင် လုပ်သည့်နည်းများတွင် စာဖတ်ပြီး အသိအမြင်ရှာသည့်နည်းမှာ လွယ်ကူသလောက် ထိရောက်ထက်မြက်သည့် နည်းလည်းဖြစ်ပါကြောင်း၊ စာဖတ်တဲ့အလုပ်ဆိုတာ ကျောင်းစာဖတ်ဖို့လိုသလို အပြင်စာ ဖတ်ဖို့လည်းလိုပါကြောင်း။ သုတစာပေများများဖတ်လျှင် ဦးနှောက်ဖွံ့ဖြိုးပြီး ရသစာပေများများဖတ်လျှင် နှလုံးသားဖွံဖြိုးကြောင်း၊ သုတစာပေအဖတ်အရှုမရှိလျှင် အသိအမြင် ဗဟုသုတနည်းပါးပြီး သိသင့်သည်ကို မသိသော လူအကလေးများ ဖြစ်တတ်ပြီး၊ ရသစာပေ အဖတ်အရှုနည်းလျှင် ရသခံစားမှုအားနည်းပြီး နှလုံးသားရိုင်းပျတတ်ပါကြောင်း၊ ထို့ကြောင့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် သုတ၊ ရသ ထိုစာပေနှစ်မျိုးလုံးကို ဟန်ချက်ညီညီ ဖတ်ရှုမှသာ ဦးနှောက်ရော နှလုံးသားပါ ဖွံ့ဖြိုးပြီး ပတ်ဝန်းကျင်နှင့်သဟဇာတဖြစ်အောင် နေတတ်သော ပညာတတ်လူငယ်အဖြစ် တင့်တင့်တယ်တယ်နေနိုင်ကြမှာ ဖြစ်ပါကြောင်းကိုလည်းကောင်း၊ “အမွေခံတစ်ယောက်အမွေပေးသူတစ်ရာ၊ လူငယ်နှင့်ပညာဆိုင်ရာစာစု” စာအုပ်ပါ ခေါင်းစဉ်များအလိုက် မိမိတို့ဖတ်ရှုနားလည်မှုများကို စာဖတ်ဝိုင်းဆွေးနွေးပွဲသို့ တက်ရောက်လာသော စာပေဝါသနာရှင်များနှင့်အတူ အပြန်အလှန် ဆွေးနွေးကြရာ ဦးစီးအရာရှိ ဒေါ်နေခြည်ဦးက ဖြည့်စွက်ဆွေးနွေးပေးခဲ့ပြီး ပါဝင်ဆွေးနွေးခဲ့သော စာပေဝါသနာရှင် ကျောင်းသူများအား အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။                   

သက်နောင်ဦး(ငါန်းဇွန်)