ထန်းတပင်မြို့နယ်၌ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါအကြောင်း အသိပညာပေးဆောင်ရွက်

ထန်းတပင်(ရန်ကုန်) ဇူလိုင် ၁၀

ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်တွင် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားမှုမှကြိုတင်၍ ကာကွယ်နိုင်ရန်အတွက် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါအကြောင်း အသိပညာပေးခြင်းကို ယမန်နေ့၊ နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးနိုင်နိုင်ဦးက ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်ဆရာဝန်ကြီးဒေါက်တာသန့်စင်က ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါအကြောင်း၊ ရောဂါကူးစက်ပုံများ၊  ရောဂါလက္ခဏများနှင့် ကြိုတင်ကာကွယ်နိုင်သောနည်းလမ်းများကို တက်ရောက်လာကြသည့် မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ရပ်/ကျေးစာရေးများကို အသိပညာပေးရှင်းလင်းပြောကြားခဲ့ကာ ရောဂါကြိုတင်ကာကွယ်သုံးပစ္စည်းများကို ဖြန့်ဝေပေးသည်။

ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးနိုင်နိုင်ဦးနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များဦးဆောင်၍ မြို့နယ်အထွေထေွအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ၊ ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များပူးပေါင်း၍ လူစည်ကားသည့် ဈေးများ၊ အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများ၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများတွင် ပြင်းထန်ဝမ်းပျက်လျှောရောဂါအကြောင်း အသိပညာပေးကာကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ဇင်မင်းထိုက်(ထန်းတပင်)