ဘီးလင်းမြို့နယ်တွင် အသင့်စားမုန့်အမျိုးမျိုးနှင့်စပ်လျဥ်း၍ စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်

ဘီးလင်း ဇူလိုင် ၁၀

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၌ အသင့်စားမုန့်အမျိုးမျိုးနှင့်စပ်လျဥ်း၍ စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများကို ယမန်နေ့ နံနက်ပိုင်းက ဘီးလင်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာနနှင့် သက်ဆိုင်ရာတာဝန်ရှိသူအသီးသီးတို့က ဘိုးရာဇာရပ်ကွက် မင်္ဂလာစျေးနှင့် ကန်သာယာရပ်ကွက်၊ နီလာစျေးတို့တွင် ဆောင်ရွက်ခဲ့သည်။

အဆိုပါ စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းကို ဘီးလင်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ဇင်ဖြူဝင်း၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ထိုက်ထိုက်ဝင်း၊ စျေးတာဝန်ခံ ဦးအောင်ကျော်ဦးနှင့် တာဝန်ရှိသူအသီးသီးတို့က စျေးကွက်အတွင်း ရောင်းချနေသော အသင့်စားမုန့်အမျိုးမျိုးတွင် ကုန်အမှတ်အသားပြည့်စုံစွာ ဖော်ပြခြင်း ရှိ၊ မရှိ၊ သက်ဆိုင်ရာဌာနများက ကန့်သတ်တားမြစ်ထားသည့် မုန့်များရောင်းချခြင်း ရှိ၊ မရှိ၊ စားသုံးသူဘေးအန္တရာယ်ဖြစ်စေနိုင်သော မုန့်များရောင်းချနေမှု ရှိ၊ မရှိတို့အား စစ်ဆေးခြင်းနှင့် သတ်မှတ်စံချိန်စံနှုန်းနှင့် ကိုက်ညီ၍ သက်ဆိုင်ရာဌာနများမှ ခွင့်ပြုထားသော ကုန်ညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြထားသော အသင့်စားမုန့်များကိုသာ စျေးကွက်အတွင်း ရောင်းချခြင်းများ ပြုလုပ်ကြရန်နှင့် စျေးကွက်အတွင်း ရောင်းချခြင်းမပြုသည့် မုန့်များကို ရှောင်ရှားကြရန် ဆိုင်ရှင်များအား အသိပညာပေးပြောကြားခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)