တံတားမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် (၇၇) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်ဟောပြောပွဲ ကျင်းပ

တံတား ဇူလိုင် ၁၀

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်၊ တံတားမြို့တွင် ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ (၁၉) ရက်နေ့တွင် ကျရောက်မည့် (၇၇) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်ဟောပြောပွဲကို ယမန်နေ့ မွန်းလွဲ (၁) နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း သီရိရတနာခန်းမ၌ ကျင်းပခဲ့သည်။

အဆိုပါ ဟောပြောပွဲတွင် တံတားမြို့ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်မြတ်မြတ်သိန်းက အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်မိုးဖြူလွင်က ကျောင်းသား/ ကျောင်းသူများအနေဖြင့် နိုင်ငံတော်၏ နေ့ထူးနေ့မြတ်ဖြစ်သည့် အထိမ်းအမှတ်နေ့များကို သိရှိစေရန်၊ မျိုးချစ်စိတ်ဓာတ်နှင့် ပြည်ထောင်စုစိတ်ဓာတ်များ ထာဝစဉ်ရှင်သန်စေရန် အာဇာနည်နေ့ပေါ်ပေါက်လာပုံ နောက်ခံသမိုင်းအကျဉ်းနှင့် အာဇာနည်နေ့ကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို အသိပညာပေးဟောပြောခဲ့သည်။ ဆက်လက်၍ ကျောင်းသား/ကျောင်းသူတစ်ဦးချင်းမှ အာဇာနည်(၉)ဦးတို့၏ အတ္ထုပ္ပတ္တိအကျဉ်းများကို ဆွေးနွေးဟောပြောခဲ့ကြသည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ (၇၇) နှစ်မြောက် အာဇာနည်နေ့ကို ဂုဏ်ပြုသောအားဖြင့် အာဇာနည်နေ့အကြောင်းသိကောင်းစရာ နံရံကပ်စာစောင်များအား ခင်းကျင်းပြသခဲ့ရာ ကျောင်းသား/ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှု့ခဲ့ကြသည်။ အဆိုပါ ဟောပြောပွဲသို့ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူ (၅၀၀) ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

မိုးဖြူလွင် (ပြန်/ဆက်)