မိုင်းဆတ် ဇူလိုင် ၁၀
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့၌ (၇၇) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲကို ယနေ့မွန်းတည့် (၁၂) နာရီခွဲက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
အနာဂတ်မျိုးဆက်သစ် ကျောင်းသား၊ ကျောင်းသူများ ဉာဏ်ရည် ဉာဏ်သွေး ထက်မြက်စေရန်၊ ပါဝင်ယှဉ်ပြိုင်တတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး ပြည်သူ့စာကြည့်တိုက်နှင့် ရင်းနှီးမှုရရှိကာ စာအုပ်၊ စာစောင်များ ဖတ်ရှု လေ့လာနိုင်စေရန်နှင့် မြန်မာနိုင်ငံ၏ နေ့ထူးနေ့မြတ်များကို သိရှိစေရန်ရည်ရွယ်၍ ကျင်းပပြုလုပ် ပေးခြင်းဖြစ်သည်။
အဆိုပါပြိုင်ပွဲ အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများက အာဇာနည်နေ့နှင့် သက်ဆိုင်သည့် ကြိုက်နှစ်သက်ရာခေါင်းစဉ်များဖြင့် ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မိုင်းဆတ်ခရိုင်ရုံးမှ ဦးစီးအရာရှိ ဦးလင်းထင်ကျော်က ဂုဏ်ပြုဆုများချီးမြှင့်ပေးအပ်ခဲ့ကြောင်းသိရသည်။
မြင့်မောင်(မိုင်းဆတ်)