တပ်ကုန်းမြို့နယ်၌ မိုးနှမ်းလျာထားဧက ၁၉၃၉၂  အနက်မှ ၁၁၃၀၁ ဧကစိုက်ပျိုးပြီးစီး

တပ်ကုန်း ဇူလိုင် ၁၀

တပ်ကုန်းမြို့နယ်တွင် ဆီထွက်သီးနှံမျိုးစုံကို ရာသီအလိုက် စိုက်ပျိုးထုတ်လုပ်လျက်ရှိရာ ယခုနှစ် မိုးနှမ်းလျာထားဧက ၁၉၃၉၂ အနက်မှ ၁၁၃၀၁ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

တပ်ကုန်းမြို့နယ်တွင် ယခင်နှစ် မိုးနှမ်း ၁၉၃၉၂  ဧက စိုက်ပျိုးနိုင်ခဲ့ပြီး၊ တစ်ဧက ပျမ်းမျှ အထွက် ၉ ဒသမ ၆၁ ထွက်ရှိကြောင်း၊ ယခုနှစ် မိုးနှမ်း ၁၉၃၉၂ ဧကလျာထားစိုက်ပျိုးပြီး၊ နှမ်းစိုက် တောင်သူများ မေလတွင် စတင်စိုက်ပျိုးကြရာ ဇူလိုင်လထိ ၁၁၃၀၁ဧက စိုက်ပျိုးနိုင်ကြောင်း သိရ ပြီး၊ နှမ်းစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းပြီး ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် ပိုးမွှားကျရောက်မှုကင်းစင်ရေး၊ ပေါင်းမြက်ကင်းရှင်းရေး၊ သဘာဝမြေဩဇာ၊ သဘာဝပိုးသတ်ဆေးနှင့် ပိုးပြေးဆေးပြုလုပ်သုံးစွဲရေးစသည့်စိုက်ပျိုးရေးဆိုင်ရာ နည်းပညာများကို မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ ကွင်းဆင်းအသိပညာပေးလျက်ရှိကြောင်း သိရသည်။

တပ်ကုန်းမြို့နယ်တွင် နွေ၊ မိုး၊ ဆောင်းရာသီအလိုက် စပါး၊ ပဲအမျိုးမျိုး၊ ဆီထွက်သီးနှံအမျိုးမျိုး၊ ဟင်းသီးဟင်းရွက်နှင့် အခြားသီးနှံမျိုးစုံစိုက်ပျိုးကြကြောင်း၊ ဒေသခံပြည်သူများ အလုပ်အကိုင်ရရှိ ကြကြောင်း သိရသည်။

တင်စိုးလွင်