မိုင်းစံမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ

မိုင်းစံ ဇူလိုင် ၁၀

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းစံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ အနာဂတ်မျိုးဆက်သစ်လူငယ် ကျောင်းသား/ ကျောင်းသူများ ယဉ်ကျေးလိမ္မာသည့် လူငယ်လူရွယ်များ ဖြစ်လာစေရန်နှင့် အသိပညာဗဟုသုတရရှိစေရန် ရည်ရွယ်၍ လူငယ်‌ရေးရာအသိပညာပေးဟောပြောပွဲကို ယနေ့ နံနက်(၁၀)နာရီအချိန်က မိုင်းစံမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်ဥမ္မာထွေးက လူငယ်အသိပညာပေးဟောပြောပွဲ ပြုလုပ်ရခြင်း ရည်ရွယ်ချက်များ ပြောကြားပြီးနောက် လူငယ်နှင့်စာဖတ်ခြင်းခေါင်းစဉ်အောက်မှ “ယနေ့လူငယ်များသည် လေ့လာ၍မကုန်နိုင်သော ဘဝတက္ကသိုလ်ကြီးများဖြစ်သည့် စာကြည့်တိုက်များသို့ သွားရောက်၍ စာဖတ်ကြခြင်းဖြင့် စာဖတ်ခြင်း၏အကျိုးကို သိရှိလာကြမည်ဖြစ်ကြောင်း၊ စာဖတ်ခြင်းသည် ဘဝအောင်မြင်ရေး၏ သော့ချက်ဖြစ်ကြောင်း၊ စာဖတ်သူနှင့် စာမဖတ်သူသည် အသွင်အားဖြင့်တူသော်လည်း တန်ဖိုးခြင်းအားဖြင့် ခြားနားသွားကြောင်း စသည့်အကြောင်းအရာများကို ဥပမာ၊ သာဓကများဖြင့် ဟောပြောခဲ့ပြီး ကျောင်းသား/ ကျောင်းသူများက သိရှိလိုသည်များကို မေးမြန်းရာ မြို့ဦးစီးမှူးက ပြန်လည်ဖြေကြားပေးခဲ့ကြောင်း သိရသည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မိုင်းစံမြို့ရုံးအနေဖြင့် လူငယ်များ အသိပညာဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်မှုများဖြစ်သည့် လူငယ်အသိပညာပေး ဟောပြောပွဲ၊ အသိပညာပေးပြပွဲများ ပြသခြင်းနှင့် ပြိုင်ပွဲများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မိုင်းစံ    (ပြန်/ဆက်)