ပုဗ္ဗသီရိ ဇူလိုင် ၁၀
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ပုဗ္ဗသီရိမြို့နယ် မင်္ဂလာဒီပ၊ အခြေခံပညာအထက်တန်းကျောင်းခွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ (၇၇)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲနှင့် ပြပွဲများကို ယနေ့နံနက်ပိုင်းက အဆိုပါကျောင်းတွင် ကျင်းပခဲ့သည်။
အဆိုပါဟောပြောပွဲတွင် ပုဗ္ဗသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သန်းသန်းနွယ်က အာဇာနည်နေ့ပေါ်ပေါက်လာပုံနှင့် နောက်ခံသမိုင်းအကျဉ်း၊ ဗိုလ်ချုပ်အောင်ဆန်းနှင့် ခေါင်းဆောင်ကြီးများ လွတ်လပ်ရေးရရှိအောင် နေ့မအား၊ ညမနား ကြိုးပမ်းဆောင်ရွက်ခဲ့ကြပုံများ၊ အာဇာနည်နေ့ကျင်းပရခြင်း၏ ရည်ရွယ်ချက်များ၊ လွတ်လပ်ရေးရရှိအောင် အသက်ပေးခဲ့ကြသည့် အာဇာနည်ခေါင်းဆောင်ကြီးများ၏ ကျေးဇူးတရားများကို မမေ့သင့်၊ အထူးသတိရစေရန်၊ အာဇာနည်ကြီးများ အသက်ပေးခဲ့ရသည့် လွတ်လပ်ရေးကို အစဉ်ထာဝရ တည်တံ့ခိုင်မြဲအောင် ကာကွယ်စောင့်ရှောက်ကြရန်၊ ဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီး ဖြစ်ထွန်းလာစေရေး နိုင်ငံတော်အစိုးရ၏ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များတွင် အသိရှိရှိ၊ စေတနာရှိရှိဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန်၊ နှစ်စဉ်ကျရောက်သည့် ဇူလိုင်လ (၁၉)ရက်နေ့ကို ၁၉၄၈ ခုနှစ်မှစ၍ အာဇာနည်နေ့အဖြစ် သတ်မှတ်ခဲ့ကြကြောင်း စသည်ဖြင့် အသိပညာပေးဟောပြောခဲ့သည်။
ထိုဟောပြောပွဲအပြီးတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော (၇၇)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေးနံရံကပ်စာစောင်များနှင့် စာအုပ်စာစောင်များကို ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက လေ့လာကြည့်ရှုကြကြောင်း သိရသည်။
သန်းသန်းနွယ်(ပုဗ္ဗ)