ကျောင်းသား၊ ကျောင်းသူလူငယ်များ စာဖတ်ရှိန်မြင့်မားရေး ကျောက်ဆည်မြို့ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်စကားဝိုင်းကျင်းပ

ကျောက်ဆည် ဇူလိုင် ၁၀

ကျောင်းသား၊ကျောင်းသူလူငယ်များ စာဖတ်ရှိန်မြင့်မားရေး၊ အသိပညာဗဟုသုတပြည့်ဝပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရေးနှင့်ဆွေးနွေးပွဲများတွင် ပါဝင်ဆွေးနွေးတတ်စေရေး ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းပြီး ယနေ့နံနက်(၉)နာရီက အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း ရွှေသရဖီခန်းမတွင် လူငယ်စကားဝိုင်း ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ မြို့နယ်ပညာရေးမှူး ဦးအေးလင်းက ပညာသင်ချိန်တွင် စာပေကိုအပတ်တကုတ် ကြိုးစား သင်ယူကြစေလိုကြောင်း၊ စာအုပ်စာပေလူ့မိတ်ဆွေဆိုသည့်အတိုင်း ပြင်ပဗဟုသတရရှိစေမည့် စာပေများကို ဖတ်ရှုခြင်းဖြင့် အတွေးအခေါ်များ မြင့်မားစေမည်ဖြစ်ကြောင်း၊ ပြင်ပစာပေများဖတ်ရှုခြင်းသည် ကျောင်းစာပေများ သင်ယူရာတွင် များစွာအထောက်အကူဖြစ်စေကြောင်း  အမှာစကားပြောကြားခဲ့ပြီး ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်ထွေးက လူငယ်စကားဝိုင်းများ ကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်များ ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်ပြီး ကျောက်ဆည်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်ထွေးက ဦးဆောင်ပြီး လူငယ်စကားဝိုင်းကို ဆက်လက်ကျင်းပပြုလုပ်ခဲ့ရာ  Grade-11 ကျောင်းသား၊ကျောင်းသူများဖြစ်သည့် မောင်ခန့်ကိုကိုထွန်းက ရှောင်လေဝေးဝေး မူးယစ်ဆေး၊  မအိမ့်သက်ဖြူက ပညာသည်သာ ဘဝရှေ့ဆောင်၊ မထားသီရိအောင်က စည်းကမ်းဟူသည် လူ့တန်ဖိုး၊ မကဗျာဦးက ကိုယ်ကျင့်သီလှသင်တိုင်းလှ၊ မောင်အေးချမ်းဇော်က စာပေစွမ်းပကား တိုင်းပြည်အင်အားစသည့်ခေါင်းစဉ်များဖြင့်  အသီးသီးဆွေးနွေးခဲ့ပြီး လူငယ်စကားဝိုင်းသို့တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များကို ပြန်လည်မေးမြန်း ဆွေးနွေးခဲ့ကြောင်းနှင့် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးအေးသန်းက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

ထို့နောက် လူငယ်စကားဝိုင်းသို့တက်ရောက်လာကြသည့် ဆရာဆရာမများ၊ကျောင်းသား၊ကျောင်းသူများက  ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် သုတ/ရသ စာအုပ်များ၊ ကလေးအလုပ်သမားပပျောက်ရေး၊ အရွယ်မရောက်သေးသူကလေးသူငယ်များ စစ်မှုထမ်းခြင်းမှကာကွယ် တားဆီးထိန်းသိမ်းရေး၊ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး၊ ယာဉ်စည်းကမ်း လမ်းစည်းကမ်းအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးနံရံကပ်စာစောင်များကို စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

သက်မောင်၊ကျောက်ဆည်