ကျောက်ဆည် ဇူလိုင် ၁၀
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် လူထုအခြေပြုဗဟိုဌာနတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် ယမန်နေ့မွန်းလွဲ(၂)နာရီက ယာဉ်စည်းကမ်းလမ်းစည်းကမ်းအန္တရာယ်ကင်းရှင်းရေး အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ဟောပြောပွဲတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်ထွေးက မော်တော် ဆိုင်ကယ်စီးလျှင် ဆိုင်ကယ်စီးဦးထုပ်ဆောင်း၍ မေးသိုင်းကြိုးတပ်ရန်၊ အချက်ပြမီး၊ ဘရိတ်မီးများကောင်းမွန်ရန်၊ ယာဉ်ကြောပြောင်းပြန်မစီးရန်၊ လက်လွှတ်မမောင်းရန်၊ မူးယစ်သောက်စားပြီးမမောင်းရန်၊ သတ်မှတ်ယာဉ်ကြောမှမောင်းရန်၊ ဖြောင့်တန်းစွာမောင်းရန်၊ ပြိုင်မမောင်းရန်၊ ယာဉ်မောင်းနှင့်ယာဉ်လိုက်ပါစီးနင်းသူများ အသက်ကယ်ထိုင်ခုံခါးပတ်များကို ကိုယ်တွယ်တပ်ဆင်ရန်၊ ယာဉ်ထိန်းရဲ၏လက်အချက်ပြမှုနှင့် ညွှန်ကြားမှုကိုအမြဲလိုက်နာရန်၊ မြို့တွင်းမိုင် (၃၀)နှုန်းနှင့် မြို့ပြင် မိုင်(၅၀) နှုန်းထက်ပိုမမောင်းရန်၊ ကျောင်းအနီးတွင် အရှိန်ပြင်းစွာ မမောင်းရန်၊ လူကူးမျဉ်းကြားပေါ်တွင် ယာဉ်လုံးဝ မရပ်ရန်စသည့် အကြောင်းအရာများ ဟောပြောခဲ့သည်။
ထို့နောက် ဦးစီးအရာရှိ ဒေါ်ခင်နှင်းရီက လမ်းဖြတ်ကူးပါက ဘယ်ကြည့်၊ ညာကြည့်၊ ဘယ်ပြန်ကြည့်၊ ညာပြန်ကြည့်ပြီး လမ်းရှင်းမှကူးရန်၊ လူကူးမျဉ်းကြားမှကူးရန်၊ ယာဉ်မောင်းလိုင်စင်ပါမှ ယာဉ်မောင်းရန်၊ ယာဉ်မောင်းနေစဉ် လက်ကိုင်ဖုန်းအသုံးမပြုရန်၊ လိုင်စင်ခွင့်မပြုထားသော ယာဉ်များမမောင်းရန်၊ ယာဉ်ကို ဘေးအန္တရာယ်ဖြစ်အောင်မမောင်းရန်နှင့် ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ်စီမံ ခန့်ခွဲမှုဥပဒေများအား အသိပညာပေးဟောပြောခဲ့ကြောင်းပြီး ကျောင်းသား၊ကျောင်းသူလေးများက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် သုတ၊ ရသစာအုပ်များနှင့် အသိပညာပေး နံရံကပ်စာစောင်များအား စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)