ကျိုင်းတုံ ဇူလိုင် ၁၀
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ပုဂ္ဂလိကကျန်းမာရေးကဏ္ဍမြှင့်တင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇူလိုင်လ (၉) ရက်က ပြည်နယ်ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာန(ကျိုင်းတုံ)ရုံးတွင် ကျင်းပသည်။
ဦးစွာ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့)ဥက္ကဋ္ဌ ဦးဇော်လွင်ဦးက အမှာစကားပြောကြားပြီး ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ပြည်နယ်ကုသရေးနှင့်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာစည်သူအောင်က ပုဂ္ဂလိကကျန်းမာရေးဆိုင်ရာ ဥပဒေ၏ ရည်ရွယ်ချက်များ၊ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်း လိုင်စင်ရရှိသူများ လိုက်နာရမည့် စည်းကမ်းများ၊ ပြည်သူ့ကျန်းမာရေးလုပ်ငန်းများနှင့် ချိတ်ဆက်ဆောင်ရွက်နေသော လုပ်ငန်းများနှင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ပြည်နယ်ပုဂ္ဂလိကကျန်းမာရေး လုပ်ငန်းဆိုင်ရာ ကြီးကြပ်ရေးကော်မတီ၏ ဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းဆွေးနွေးသည်။
ထို့နောက် တက်ရောက်လာကြသည့် ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ပြည်နယ်ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းဆိုင်ရာ ကြီးကြပ်ရေးကော်မတီဝင်များ၊ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများမှ တာဝန်ရှိသူများက နိုင်ငံတော်၏ ကျန်းမာရေးမူဝါဒနှင့်အညီ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ တိုးတက်ဖြစ်ထွန်းစေရေး၊ ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုပေးရာတွင် ပုဂ္ဂလိကကဏ္ဍ၏ စွမ်းအားအရင်းအမြစ်များကို ထိရောက်စွာအသုံးပြုနိုင်စေရန်၊ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းများက ပြည်သူများအတွက် မျှတသောစရိတ်ဖြင့် အရည်အသွေးမြင့်မားသည့် ဝန်ဆောင်မှုပေးနိုင်စေရန်နှင့် တာဝန်ခံမှုရှိစေရန်၊ ပုဂ္ဂလိကဆေးရုံ၊ ဆေးခန်းများကို စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ စိစစ်ခြင်း၊ လိုင်စင်ထုတ်ပေးခြင်းစသည့် ကိစ္စရပ်များကို ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)