သမဝါယမကောလိပ်(မန္တလေး) နှစ်(၃၀)ပြည့် ပုလဲရတု အထိမ်းအမှတ် စာမူရှင်များအား ဂုဏ်ပြုပွဲ ကျင်းပ

ပုသိမ်ကြီး ဇူလိုင် ၁၀

မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ ရန်ကင်းတောင်ခြေရှိ သမဝါယမကောလိပ် (မန္တလေး)၏ နှစ်(၃၀)ပြည့် ပုလဲရတု အထိမ်းအမှတ် စာမူရှင်များအား ဂုဏ်ပြုပွဲ ကျင်းပခြင်းကို ယမန်နေ့ နေ့လယ် ၁ နာရီက အဆိုပါကောလိပ်စာကြည့်တိုက်၌ ကျင်းပသည်။

ရှေးဦးစွာ သမဝါယမကောလိပ် (မန္တလေး) ကျောင်းအုပ်ကြီး ဒေါက်တာဒေါ်တင်မူအေးက ကျေးဇူးတင်စကားပြောကြားပြီး၊ ဒုတိယကျောင်းအုပ်ကြီး ဦးတင်မြင့်က မဂ္ဂဇင်းဖြစ် မြောက်ရေးအတွက် ဆောင်ရွက်ခဲ့မှုများကို ရှင်းလင်းပြောကြားသည်။ ထို့နောက် မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌ နိုင်စေရ (မန်းတက္ကသိုလ်)၊ သိန်းသန်းဝင်း (မလှိုင်)၊ နိုင်ဗလတို့က ကျေးဇူးတင်စကား ပြန်လည်ပြောကြားကြသည်။

ဆက်လက်၍ သမဝါယမကောလိပ် (မန္တလေး) နှစ်(၃၀)ပြည့် ပုလဲရတု မဂ္ဂဇင်းတွင် ပါဝင်ရေးသားကြသော ကလောင်ရှင် စာရေးဆရာများအား တာဝန်ရှိသူများက တစ်ဦးချင်း မဂ္ဂဇင်းစာအုပ်များကို ပေးအပ်ခဲ့ကြောင်း သိရသည်။

ဇာနည်ကိုကို (ပြန်/ဆက်)