မြစ်သား ဇူလိုင် ၁၀
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် အခြေခံပညာနှင့်စက်မှု၊ စိုက်ပျိုး၊မွေးမြူရေးအထက်တန်းကျောင်းတွင် ၂၀၂၄ခုနှစ် (၇၇)နှစ်မြောက် မြို့နယ်အဆင့် အာဇာနည်နေ့အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာ၊ ဆောင်းပါးပြိုင်ပွဲကို ယနေ့နံနက်ပိုင်းက အဆိုပါကျောင်း ဗန္ဓုလအဆောင်၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါပြိုင်ပွဲတွင် မြို့နယ်ပညာရေးမှူးရုံးမှ မြို့နယ်ပညာရေးမှူး ဒေါ်ပြုံးကြည်၊ ဒုတိယမြို့နယ်ပညာရေးမှူး ဦးကျော်ဟန်၊ ကျောင်းအုပ်ဆရာမကြီးများနှင့် ဆရာ၊ ဆရာမများက အနီးကပ်ကြီးကြပ်၍ မြစ်သားမြို့အတွင်းရှိ အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများနှင့် ဘုန်းတော်ကြီးသင်ကျောင်းများမှ အထက်တန်း၊ အလယ်တန်း၊ မူလတန်းများရှိ ကျောင်းသား၊ ကျောင်းသူ(၈၀)ဦးတို့က အထက်တန်းအဆင့်စာစီစာကုံး၊ ကဗျာနှင့်ဆောင်းပါးပြိုင်ပွဲများကိုလည်းကောင်း၊ အလယ်တန်းအဆင့်စာစီစာကုံး၊ ကဗျာပြိုင်ပွဲများကိုလည်းကောင်း မူလတန်းအဆင့်စာစီစာကုံးပြိုင်ပွဲများ ပြုလုပ်ခဲ့ပြီး စာစီစာကုံးပြိုင်ပွဲတွင် “အာဇာနည်နေ့တို့မမေ့”ခေါင်းစဉ်၊ ကဗျာပြိုင်ပွဲတွင် “၁၉ဇူလိုင်မမေ့နိုင်”ခေါင်းစဥ်နှင့် ဆောင်းပါးပြိုင်ပွဲတွင် “အာဇာနည်နေ့နှင့်အမျိုးသားရေးတာဝန်” ခေါင်းစဥ်ဖြင့် ကျောင်းသား၊ ကျောင်းသူများက ဝင်ရောက်ယှဥ်ပြိုင်ခဲ့ကြသည်။ ပြိုင်ပွဲတွင် ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများကို ၂၀၂၄ခုနှစ် (၇၇)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အခမ်းအနားတွင် ဆုများအသီးသီးချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
စာစီစာကုံး၊ ကဗျာ၊ ဆောင်းပါးပြိုင်ပွဲ ကျင်းပရာသို့ မြို့နယ်ပညာရေးမှူး ဒေါ်ပြုံးကြည်၊ ဒုတိယမြို့နယ်ပညာရေးမှူး ဦးကျော်ဟန်၊ ကျောင်းအုပ်ဆရာမကြီးများနှင့် ဆရာ၊ ဆရာမများ၊ ပြိုင်ပွဲဝင်ကျောင်းသူ၊ ကျောင်းသားများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ဝင်းမင်းထွန်း(မြစ်သား)