မန်ကန်မြို့၌ တစ်ပိုင်တစ်နိုင် ပဲတောင့်ရှည်စိုက်ပျိုးသူများ မိသားစုအပိုဝင်ငွေရရှိ၍ အဆင်ပြေလျက်ရှိ

မန်ကန် ဇူလိုင် ၁၀

ရှမ်းပြည်နယ်(မြောက်ပိုင်း) “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မန်ကန်မြို့ရှိ ဒေသခံပြည်သူများသည် စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်ငန်းများကို အဓိကထားလုပ်ကိုင်လျက်ရှိရာ တစ်ပိုင်တစ်နိုင် စိုက်ပျိုးထားသည့် ပဲတောင့်ရှည်အပင်များ အောင်မြင်ဖြစ်ထွန်းသဖြင့် မိသားစု အပိုဝင်ငွေရရှိ၍ အဆင်ပြေလျက်ရှိကြောင်း သိရသည်။

“ပဲတောင့်ရှည်အပင်တွေကိုတော့ အစေ့ပျိုးထုပ်တွေဝယ်ယူပြီးစိုက်ပျိုးပါတယ်၊ မျိုးစေ့ထုပ်ကတော့  တစ်ထုပ်ကို ငါးရာကျပ်ပေးပြီးဝယ်ရတယ်၊ စတင်စိုက်ပျိုးပြီး တစ်လခွဲခန့်အကြာမှာ စတင် ခူးဆွတ်ရောင်းချရပါတယ်၊ ပဲတောင်ရှည်အပင်တွေက ရေကြိုက်တယ်၊ ရေလောင်းရတယ်၊ ရေကောင်းကောင်းမရရင် ပိုးထိုးတယ်၊ အရင်းအနေနဲ့ကတော့ ပျိုးစေ့ဖိုး သုံးထောင်ကျလောက် ရင်းလိုက်ရင် သုံးသောင်းကျပ်ဝန်းကျင် ခူးဆွတ်ရောင်းချရတယ်၊ (၁၂) ရာသီ စိုက်ပျိုးရပါတယ်၊ ဒီတခါစိုက်ပျိုးချိန်မှာ မိုးကျစောတော့ ပဲပင်တွေလည်းပိုးမထိုးတော့ဘူး၊ အရမ်းလည်းသီးတော့ ငါးသောင်းကျပ်ဝန်းကျင်လောက်ရမယ်လို့ ခန့်မှန်းထားပါတယ်” ဟု တစ်ပိုင်တစ်နိုင်ပဲတောင်ရှည် စိုက်ပျိုးရောင်းချသူ အမှတ် (၁) ရပ်ကွက်မှ ပီနန်းမြက ပြောကြားသည်။

မန်ကန်မြို့တွင် ပဲတောင့်ရှည်အပင်များကို (၁၂) ရာသီ စိုက်ပျိုးကြကြောင်း၊ စည်ပင်သာယာဈေးမရှိသဖြင့် ပလိုင်းထဲတွင် ပဲတောင့်ရှည်များကိုစီးကာ တစ်စီးလျှင် တစ်ထောင်ကျပ်ဖြင့် တစ်အိမ်တက်ဆင်း လိုက်လံရောင်းချရကြောင်း၊ စီးပွားဖြစ် စိုက်ပျိုးရောင်းချခြင်းမရှိသော်လည်း မိမိတို့၏ မြေကွက်လပ်တွင် တစ်ပိုင်တစ်နိုင်စိုက်ပျိုးခြင်းဖြင့် မိသားစုအပိုဝင်ငွေ ရရှိလျက်ရှိကြောင်း သိရသည်။

အိဇာချို(မန်ကန်၊ပြန်/ဆက်)