ပြည်ကြီးတံခွန် ဇူလိုင် ၁၀
မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရေးလုပ်ငန်း အသိပညာပေး ဟောပြောပွဲကို ယနေ့ နံနက် ၉ နာရီက အဆိုပါမြို့နယ်ရှိ (က)ရပ်ကွက်၊ အောင်တံခွန်ဓမ္မာရုံ၌ ကျင်းပခဲ့သည်။
အဆိုပါ အသိပညာပေး ဟောပြောပွဲတွင် မြို့နယ်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းနိုင်က သန်းခေါင်စာရင်းဆိုတာ လူဦးရေဆိုင်ရာ အကြောင်းအရာ၊ စီးပွားရေး၊ လူမှုရေးအကြောင်းအရာများအား တစ်နိုင်ငံလုံး (သို့မဟုတ်) သတ်မှတ်နယ်မြေဒေသတစ်ခုတွင် လူတိုင်းကို တစ်ကြိမ်တည်း တစ်ပြိုင်တည်း ကောက်ယူသော လုပ်ငန်းဖြစ်ကြောင်း၊ သန်းခေါင်စာရင်း ကောက်ယူရခြင်းမှာ မြန်မာနိုင်ငံ၏ တိကျမှန်ကန်သော လူဦးရေနှင့်လူမှုစီးပွားရေးဆိုင်ရာ စာရင်းအချက်အလက်များကို အချိန်နှင့်တစ်ပြေးညီ စဉ်ဆက်မပြတ် ရရှိရန်နှင့် လိုအပ်သော မူဝါဒ၊ စီမံကိန်း၊ မဟာဗျူဟာ၊ နည်းဗျူဟာများကို ချမှတ်နိုင်ရန် ရည်ရွယ်ပါကြောင်း ဟောပြောပြီး တက်ရောက်လာကြသည့် ပြည်သူများက သိရှိလိုသည်များ မေးမြန်းဆွေးနွေးကြရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့သည်။
ထို့နောက် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရေးလုပ်ငန်း ပြည်သူအားလုံးပါဝင်လို့ သန်းခေါင်စာရင်း ကောက်ကြစို့ အသိပညာပေး ပိုစတာနှင့် လက်ကမ်းစာစောင်များကို သန်းခေါင်စာရင်း ကော်မတီဝင်များက တက်ရောက်လာကြသည့် ပြည်သူများအား အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)