မိတ္ထီလာ ဇူလိုင် ၁၀
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်တွင် ၂၀၂၄-၂၀၂၅ခု ဘဏ္ဍာရေးနှစ်၌ မိုးစပါးစိုက်ဧက ၁၃၀၆၁ ဧက စိုက်ပျိုးသွားရန် သတ်မှတ်လျားထားပြီး မိုးစပါးစိုက်ပျိုးထုတ်လုပ်သည့် တောင်သူလယ်သမားများ တစ်ဧကအထွက်နှုန်းတိုးတက်၍ ဝင်ငွေတိုးလာစေရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မိတ္ထီလာမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများ မိုးစပါးကို ဆည်ရေကန်ရေသောက်စနစ်ဖြင့်လည်းကောင်း၊ ဆည်ရေကန်ရေမရသည့် ဒေသများတွင် မိုးကောင်းရေသောက်စနစ်ဖြင့်လည်းကောင်း စိုက်ပျိုးလျက်ရှိသည်။ ထိုသို့ စိုက်ပျိုးရာတွင် မိုးစပါးကို ပျိုးထောင်စိုက်ပျိုးသည့်စနစ်၊ တိုက်ရိုက်မျိုးစေ့ချ စိုက်ပျိုးသည့်စနစ်များဖြင့် စိုက်ပျိုးလျက်ရှိပြီး စိုက်ပျိုးရာတွင်လည်း ဒေသနှင့်ကိုက်ညီပြီး အထွက်နှုန်းကောင်းသည့် မနောသုခ၊ ဆင်းသုခ မျိုးစပါးများကို အဓိကစိုက်ပျိုးလျက်ရှိသည်။ အဆိုပါ မိုးစပါးစိုက်တောင်သူများ တစ်ဧကအထွက်နှုန်း တိုးတက်စေရေးအတွက် မျိုးကောင်းမျိုးသန့်ထုတ်လုပ်သုံးစွဲရေး၊ သွင်းအားစုများ စနစ်တကျထည့်သွင်းကာ လေလွင့်ဆုံးရှုံးမှုများလျော့နည်းစေရေး စိုက်ပျိုးရေးဆိုင်ရာနည်းပညာများဟောပြောခြင်း၊ စိုက်ကွင်းသရုပ်ပြသခြင်းများကို စိုက်ပျိုးရေးဦးစီးဌာနမှ သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ဆောင်ရွက်လျက်ရှိသည်။
၎င်းအပြင် တောင်သူများ တစ်ဧကအထွက်နှုန်းတိုးပြီး လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရန် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် သတ်မှတ်လျာထားစိုက်ဧက ၁၃၀၆၁ ဧကအနက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် မြို့နယ်အတွင်း၌ မိုးစပါးသီးနှံကို ထမုန်ကန်းကျေးရွာအုပ်စုတွင် စိုက်ဧက ၁၀၀၊ တောမကျေးရွာအုပ်စုတွင် စိုက်ဧက ၁၀၀၊ ခင်လူးကျေးရွာအုပ်စုတွင် စိုက်ဧက ၅၀၊ ရှမ်းတဲကျေးရွာအုပ်စုတွင် စိုက်ဧက ၃၀၊ ကဖြူကျေးရွာအုပ်စုတွင် စိုက်ဧက ၅၀၊ ဇောင်းချမ်းကုန်းကျေးရွာအုပ်စုတွင် စိုက်ဧက ၃၀၊ မကျီးစုကျေးရွာအုပ်စုတွင် စိုက်ဧက ၄၀၊ လျှော်ဖြူကန်ကျေးရွာအုပ်စုတွင် စိုက်ဧက ၅၀၊ ကွက်ငယ်ကျေးရွာအုပ်စုတွင် စိုက်ဧက ၁၅၀ စုစုပေါင်းစိုက်ပျိုးဧက ၆၀၀ကို စိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)