မိုးညှင်း ဇူလိုင် ၁၀
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့ အမှတ်(၁) အခြေခံပညာအထက်တန်း ကျောင်းတွင် (၂၀၂၃-၂၀၂၄) ပညာသင်နှစ် ပညာရည်ချွန် ဆုပေးပွဲအခမ်းအနားကို ယမန်နေ့နံနက်(၁၀)နာရီက အောင်ဆန်းခန်းမ၌ ကျင်းပခဲ့သည်။
ဦးစွာ အထက်တန်း ကျောင်းသား/ကျောင်းသူများက ဇာတိမာန်တေးသီချင်းဖြင့် အခမ်းအနားကို သီဆိုဖွင့်လှစ်ပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးညီညီလွင်က အဖွင့်အမှာ စကားပြောကြားရာ ယခင်နှစ်များထက် ယခုနှစ် အောင်ချက်ရာနှုန်ဟာ တိုးတက်မြင့်မားလာ သည်ကို တွေ့ရှိရပြီး ယခုလို အောင်ချက်ကောင်းခဲ့သည်မှာ ဆရာ၊ မိဘများနှင့် ကျောင်းသားများ ပူးပေါင်းပါဝင် ကြိုးပမ်းခဲ့မှုဖြစ်ပါကြောင်းနှင့် လာမည့် (၂၀၂၄-၂၀၂၅) ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း ဖြေဆိုမှုမှာလည်း အောင်မြင်မှုရာနှုန်းမြင့်မားအောင် မိဘဆရာအသင်းအနေနဲ့ကော ကျောင်းသားမိဘများနှင့် ဆရာ/ဆရာမများအနေနဲ့ကော ဆက်လက်ကြိုးပမ်း ပေးကြဖို့လိုအပ်ပါကြောင်း တိုက်တွန်းပြောကြားခဲ့သည်။
ဆက်လက်၍ မြို့နယ်ပညာရေးမှူး ဒေါ်သန်းသန်းဆွေက (၂၀၂၃-၂၀၂၄) ပညာသင်နှစ် ပညာရည်ချွန်ဆုပေးပွဲ ပြုလုပ်ရခြင်းနှင့်ပတ်သက်၍ ရည်ရွယ်ချက်များကို ရှင်းလင်း ပြောကြားသည်။
ထို့နောက် (၂၀၂၃-၂၀၂၄) ပညာသင်နှစ်တွင် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ ထူးချွန်စွာ အောင်မြင်ခဲ့ကြသည့် (Grade-12) မှ (၅)ဘာသာ၊ (၄)ဘာသာ၊ (၃)ဘာသာ၊ (၂)ဘာသာနှင့် (၁)ဘာသာ ဂုဏ်ထူးရှင်များ စုစုပေါင်း (၁၈)ဦးကိုလည်းကောင်း၊ Grade-9 နှင့် Grade-5 တို့မှ အမှတ်(A)အဆင့်ဖြင့် အောင်မြင်ခဲ့ကြသည့် ကျောင်းသား ကျောင်းသူများကိုလည်းကောင်း ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် ခရိုင်/မြို့နယ်ဌာနဆိုင်ရာများ၊ မိဘဆရာအသင်းမှ တာဝန်ရှိသူများက ဆုများအသီးသီးချီးမြှင့် ပေးအပ်ခဲ့ကြပြီးနောက် ကျောင်းသား /ကျောင်းသူလေးများက အကပဒေသာများဖြင့် ကပြဖျော်ဖြေခဲ့ကြကြောင်း သိရသည်။
ရွှေမိုးညှင်း(ပြန်/ဆက်)