နေပြည်တော်နည်းပညာတက္ကသိုလ်၏ မိုးရာသီအားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ

ဇမ္ဗူသီရိ ဇူလိုင် ၁၀

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာန၊ နေပြည်တော်နည်းပညာတက္ကသိုလ်၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပထမနှစ် (ဘွဲ့ကြို) နှင့် ဒုတိယနှစ် (ဘွဲ့ကြို)၊ အင်ဂျင်နီယာနှင့် ဗိသုကာသင်တန်းများမှ ကျောင်းသား၊ ကျောင်းသူ လူငယ်များ၏ ကာယ၊ ဉာဏ၊ စာရိတ္တဖွံ့ဖြိုးရေးကို အထောက်အကူပြုစေရန်နှင့် တက္ကသိုလ်အဆင့် ပြိုင်ပွဲများမှတစ်ဆင့် နိုင်ငံ့ဂုဏ်ဆောင် လက်ရွေးစင်အားကစားသမားများ ပေါ်ထွန်းလာစေရန်ရည်ရွယ်၍ ကျင်းပပြုလုပ်သည့် မိုးရာသီ အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ညနေပိုင်းက နေပြည်တော်နည်းပညာတက္ကသိုလ်၊ ဖူဆယ်ဘောလုံးကွင်း၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ ကျောင်းသူလေးများက ပန်းပွားအက၊ Sports Dance အကများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ပြီး အမျိုးသမီးဖူဆယ်အသင်းနှစ်သင်း၏ ပါဝင်ယှဉ်ပြိုင်မှုများကို နေပြည်တော် နည်းပညာတက္ကသိုလ် ဒုတိယပါမောက္ခချုပ်နှင့် ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများက ကြည့်ရှုအားပေးခဲ့သည်။

အဆိုပါ မိုးရာသီအားကစားပြိုင်ပွဲကို ဇူလိုင်လ (၉) ရက်မှ (၁၄) ရက်နေ့အထိ ကျင်းပပြုလုပ် သွားမည်ဖြစ်ပြီး အားကစားနည်းများအနေဖြင့် ဖူဆယ်ဘောလုံးအားကစားနည်းနှင့် e-Sports အားကစားနည်းများ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

ဟိန်းသူအောင်(ပြန်/ဆက်)