နေပြည်တော် ဇူလိုင် ၁၀
နေပြည်တော်အတွင်း ကုန်ဈေးနှုန်းတည်ငြိမ်ရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ငန်းရှင်များနှင့် တွေ့ဆုံပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်က ပျဉ်းမနားခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ နေပြည်တော်ကုန်ဈေးနှုန်းတည်ငြိမ်ရေးကော်မတီ ဥက္က္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္က္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော် စည်ပင်သာယာရေးကော်မတီ ဌာနကြီးမှူးများ၊ နေပြည်တော်အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ၊ စီးပွားရေးလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ မြို့မိမြို့ဖများ၊ ဈေးတာဝန်ခံများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြသည်။
ဦးစွာ နေပြည်တော်ကုန်ဈေးနှုန်းတည်ငြိမ်ရေးကော်မတီဥက္က္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက အမှာစကားပြောကြားရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အမျိုးသားရေးရည်မှန်းချက်(၂) ရပ်ဖြစ်သည့် တိုင်းပြည်သာယာဝ ပြောရေးနှင့် စားရေရိက္ခာပေါများရေးကို အကောင်အထည်ဖော်ဆောင်ရွက်နေလျက်ရှိကြောင်း၊ နေပြည်တော်အတွင်း ဖွင့်လှစ်သင်ကြားလျက်ရှိသော စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေး အထက်တန်းကျောင်းများတွင် ကျောင်းသား/ကျောင်းသူများ သတ်မှတ်အရေအတွက်အတိုင်း တက်ရောက်ပညာသင်ကြားနိုင်ရေး ဝိုင်းဝန်းကြိုးစားဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ နေပြည်တော်အတွင်း အဓိကသီးနှံ ၁၀ မျိုးကို ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် မျိုး၊ မြေ၊ ရေ၊ နည်းဆိုသည့်အချက်များကို စနစ်တကျလိုက်နာစေရေးအတွက် တောင်သူများအား အသိပညာပေးဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ ဆီထွက်သီးနှံများနှင့် ချည်မျှင်ဝါသီးနှံများကို လျာထားဧကထက် ကျော်လွန်အောင် စိုက်ပျိုးကြရမှာဖြစ်ကြောင်း၊ တစ်နှစ်လျှင် သုံးသီးစိုက်ပျိုးနိုင်ရေးနှင့် သီးထပ်သီးညှပ်များ စိုက်ပျိုးနိုင်ရေး၊ ဓာတ်မြေဩဇာနှင့် သဘာဝမြေဩဇာ အချိုးကျသုံးစွဲနိုင်ရေး တောင်သူပညာပေးလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ ကောက်စိုက်စက်၊ လက်ဆွဲကောက်စိုက်စက်များဖြင့် အဆင့်မြင့်လယ်ယာ မြေများတွင် စက်စွမ်းအားပြည့် ရာနှုန်းပြည့် စိုက်ပျိုးနိုင်ရေးကို စီမံဆောင်ရွက်ရမှာဖြစ်ကြောင်း၊ မွေးမြူရေးလုပ်ငန်းများကို မိရိုးဖလာစနစ် အတိုင်း မွေးမြူခြင်းထက် နည်းစနစ်တကျမွေးမြူ ဆောင်ရွက်ဖို့လိုအပ်ပါကြောင်း၊ GDP တိုးတက်ရေးအတွက် စိုက်ပျိုးရေးကဏ္ဍ၊ စက်မှုကဏ္ဍ၊ ဝန်ဆောင်မှုကဏ္ဍများကို တိုးတက်အောင် ဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း အခြေခံစားသုံးသူပြည်သူများ ဈေးနှုန်းသက်သာစွာဖြင့် ဆန်များဝယ်ယူစားသုံးနိုင်ရေးအတွက် သက်ဆိုင်ရာမြို့နယ်များအလိုက် အထိုင်ရောင်းချခြင်း၊ Mobile ရောင်းချခြင်းစနစ်ဖြင့် ဆန်များကို နေ့စဉ်ရောင်းချပေးလျက်ရှိကြောင်း၊ နေပြည်တော်အတွင်းရှိ ဆန်လုပ်ငန်းရှင်များ၊ ဆန်စက်ပိုင်ရှင်များ၊ ဆန်ဆိုင်များအနေဖြင့် ရည်ညွှန်း ဈေးနှုန်းအတိုင်း ရောင်းချစေရေး ကြပ်မတ်ဆောင်ရွက်လျက် ရှိကြောင်း၊ ပြည်တွင်းစားသုံးဆီဖူလုံစေရေးနှင့် ဆီစက်လုပ်ငန်းရှင်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စဉ်ဆက်မပြတ် ကြပ်မတ်ဆောင် ရွက်လျက်ရှိကြောင်း၊ အခြေခံစားကုန်သီးနှံများကို ကုန်ကြမ်းအနေဖြင့် ရောင်းချခြင်းမပြုဘဲ တန်ဖိုးမြှင့်ကုန်ချော ထုတ်လုပ်ရောင်းချနိုင်ရေး ဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ အခြေခံစားကုန်ပစ္စည်း ထုတ်လုပ်မှုတွင် အဓိကဖြစ်သည့် လယ်ယာကဏ္ဍနှင့် မွေးမြူရေးကဏ္ဍတို့မှ ထုတ်လုပ်မှုတိုးတက်စေရေး အလေးထားဆောင်ရွက်ကြစေလိုကြောင်း၊ ဈေးနှုန်းမြှင့်တင်ရောင်းချမှုမရှိစေရေး အခြေခံစားကုန်သီးနှံများ ပြည်ပဈေးကွက်သို့တင်ပို့နိုင်ရေး ဆီထွက်သီးနှံများ အထွက်နှုန်းတိုးတက်ရေးတို့ကို အလေးထားဆောင်ရွက်ကြစေလိုကြောင်း၊ စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် ကုန်ထုတ် လုပ်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး၊ လူတစ်ဦးချင်းစီ၏ ဝင်ငွေများ တိုးတက်ရရှိစေမည့် အခြေခံကျသည့် MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး၊ စက်မှုဇုန်များ ဖွံ့ဖြိုးတိုးတက်ရေး၊ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး၊ နိုင်ငံတော်အတွက် ရသင့်ရထိုက်သော အခွန်အခများကို ပြည့်ဝစွာထမ်းဆောင်နိုင်ရေးတို့ကို ဝိုင်းဝန်းပူးပေါင်း အကောင်အထည်ဖော်ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် နေပြည်တော်ကုန်ဈေးနှုန်းတည်ငြိမ်ရေးကော်မတီအတွင်းရေးမှူး စားသုံးသူရေးရာဦးစီးဌာနမှ တိုင်းဦးစီးမှူး ဦးရဲမျိုးလွင်နှင့် နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ ဌာနကြီးမှူးများ၊ နေပြည်တော်အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ၊ နေပြည်တော်ဆန်လုပ်ငန်းရှင်များအသင်း၊ နေပြည်တော်ဆီလုပ်ငန်းရှင်အသင်းနှင့် တက်ရောက်လာကြသည့် လုပ်ငန်းရှင်များမှ နေပြည်တော်အတွင်း ကုန်ဈေးနှုန်းတည်ငြိမ်စေရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် သက်ဆိုင်ရာကဏ္ဍများအလိုက် အသီးသီးဆွေးနွေးတင်ပြကြသည်။
ယင်းနောက် နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုးက တင်ပြချက်များနှင့်စပ်လျဉ်း၍ လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။
ထွန်းထွန်းဝင်း(ပြန်/ဆက်)