မြစ်ကြီးနား ဇူလိုင် ၁၀
ကချင်ပြည်နယ်အတွင်း မိုးသည်းထန်စွာ အဆက်မပြတ် ရွာသွန်းမှုကြောင့် ဧရာဝတီမြစ်ရေ စံချိန်တင်ကြီးမြင့်ခဲ့ပြီး မြစ်ကြီးနား၊ ဝိုင်းမော်၊ ဗန်းမော်၊ ရွှေကူမြို့နယ်များတွင် ရေကြီး/ ရေလျှံမှုများ ဖြစ်ပွားခဲ့သဖြင့် ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ကူညီကယ်ဆယ်စောင့်ရှောက်ပေးလျက်ရှိရာ ရေဘေး သင့်ပြည်သူများအား ကူညီထောက်ပံ့နိုင်ရေးအတွက် ဒေသခံအလှူရှင်များက ပြည်နယ်သဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့သို့ ငွေသားနှင့် စားသောက်ကုန်ပစ္စည်းများ လှူဒါန်းပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး ခါကာဘိုရာဇီခန်းမ၌ ကျင်းပပြုလုပ်သည်။
လှူဒါန်းပေးအပ်ပွဲတွင် ပြည်နယ်ဝန်ကြီးချုပ်က အလှူရှင်များအား မိမိတို့၏ညီအစ်ကိုမောင်နှမများဖြစ်သည့် ရေဘေးသင့်ပြည်သူများအတွက် ယခုလို လာရောက်ထောက်ပံ့လှူဒါန်းပေးခြင်းကို ပြည်သူများအားကိုယ်စား မှတ်တမ်းတင် ဂုဏ်ယူပါကြောင်း ပြောကြားကာ ပြည်နယ်သဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့အတွက် မြစ်ကြီးနားမြို့နေ ဦးရဲရင့်ဆွေမိသားစုက ငွေကျပ်သိန်း (၅၀၀)၊ ယူနန်ပေါင်ဆန်းဟိန်ယိအုပ်စုကုမ္ပဏီလီမိတက်က ငွေကျပ်သိန်း (၁၀၀)၊ ဆန်အိတ်(၁၀၀)နှင့် ကြက်ဥ (၁၈၀၀၀)လုံး၊ ရွှေသစ်သီးစိုက်ပျိုးရေးကုမ္ပဏီက ဆန်အိတ် (၁၀၀)၊ ဦးမျိုးမြင့်အောင် (Centric Food Co.,Ltd) က ငွေကျပ်(၇၇)သိန်းတန်ဖိုးရှိ စားအုန်းဆီ(၁၁၀၀)ပိဿာ၊ ပြည်နယ်ဆီလုပ် ငန်းရှင်များအသင်းက ငွေကျပ် (၁၀)သိန်းနှင့် မြန်မာနိုင်ငံဆီကုန်သည်များနှင့် ဆီလုပ်ငန်းရှင်များ အသင်းက ငွေကျပ် (၅)သိန်းတို့ဖြင့် စုစုပေါင်းငွေကျပ် (၆၁၅)သိန်း၊ ဆန်အိတ် (၂၀၀)၊ စားအုန်းဆီ (၁၁၀၀) ပိဿာနှင့် ကြက်ဥ (၁၈၀၀၀)လုံး အသီးသီးလှူဒါန်းမှုအား လက်ခံရယူပြီး ကျေးဇူးတင် ဂုဏ် ပြုမှတ်တမ်းလွှာများကို ပြန်လည်ပေးအပ်ခဲ့သည်။
ထို့အတူ မွန်းလွဲပိုင်းတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ပြည်နယ်သဘာဝဘေးအန္တ ရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဝင်များနှင့် ပြည်နယ်အတွင်း ဖြစ်ပေါ်လျက်ရှိသည့် ရေကြီး၊ ရေလျှံမှုဖြစ် စဉ်များအပေါ် အရေးပေါ်တုန့်ပြန်ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများအား ဆောလျင်စွာဖြင့် စနစ်တကျစုဖွဲ့၍ စီမံဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပပြုလုပ်သည်။
အဆိုပါလုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ပြည်နယ်အတွင်း ဧရာဝတီမြစ်ရေကြီးမြင့်မှု၊ မိုးသည်းထန်စွာရွာသွန်းမှုတို့ကြောင့် မြစ်ကြီးနား၊ ဝိုင်းမော်၊ တနိုင်း၊ ဖားကန့်မြို့နယ်များတွင် ရေကြီးရေလျှံမှုများဖြစ်ပေါ်ခဲ့ပါကြောင်း၊ မိမိတို့အနေဖြင့် အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းများ ကောင်းမွန်စွာ ဆောင်ရွက်နိုင်ခဲ့သဖြင့် လူနှင့်တိရစ္ဆာန် ထိခိုက်မှုမရှိသော် လည်း၊ စိုက်ပျိုးမြေများနှင့် လမ်း၊ တံတားနှင့် နေအိမ်အချို့ ပျက်ဆီးမှုများဖြစ်ပေါ်ခဲ့ပါကြောင်း၊ ယနေ့ ရေပြန်လည်ကျဆင်းသည့် မြစ်ကြီးနားနှင့် ဝိုင်းမော်တို့တွင် ပြန်လည်ထူထောင်ရေးနှင့် သန့်ရှင်းရေး လုပ်ငန်းများကို စတင်ဆောင်ရွက်နေပြီးဖြစ်သော်လည်း ကော်မတီအဖွဲ့ဝင်များအနေဖြင့် ပြန်လည်ထူထောင်ရေးနှင့် ထိခိုက်ဆုံးရှုံးမှုများအား စနစ်တကျ ပြီးပြည့်စုံအောင် အလျင်မြန်ဆုံး စီမံဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း တိုက်တွန်းမှာကြားသည်။
ယင်းနောက် ပြည်နယ်ကော်မတီဥက္ကဋ္ဌ၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရက ပြည်နယ်အတွင်း သဘာဝဘေးဖြစ်ရပ်ဖြစ်စဉ်များ ဖြစ်ပေါ်ခဲ့မှု၊ ဖြစ်ပေါ်လျက်ရှိသည့် အခြေအနေ များနှင့် ပိုမိုကောင်းမွန်သော တုန့်ပြန်မှုများအတွက် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်း များနှင့် ဖြစ်စဉ်/ ဖြစ်ရပ်များအပေါ် လုပ်ငန်းဆောင်ရွက်မှုများနှင့် စပ်လျဉ်း၍ အလေးထား သတိပြုဆောင်ရွက်ရမည့်ကိစ္စရပ်များကို သုံးသပ်ဆွေးနွေးတင်ပြပြီး သက်ဆိုင်ရာကော်မတီများအလိုက် တာဝန်ရှိသူများနှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများက ရေကြီးမြင့်မှုကြောင့် ကူညီကယ်ဆယ်ဆောင်ရွက်ခဲ့မှုများ၊ ရေဘေးသင့်ပြည်သူများအတွက် ကူညီထောက်ပံ့မှုနှင့် လှူဒါန်းလက်ခံရရှိမှု အခြေအနေများ၊ ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရမည့် လုပ်ငန်းများ၊ ထိခိုက် ဆုံးရှုံးမှုများအပေါ် စစ်တမ်းကောက်ယူခဲ့မှု အခြေအနေများ၊ ကျန်းမာရေးဆိုင်ရာ နောက်ဆက်တွဲ ကူးစက်ရောဂါများမဖြစ်ပွားစေရေး ကြိုတင်ကာကွယ်ဆောင်ရွက်သွားမည့် လုပ်ငန်းစီမံကိန်းများ၊ ဖြစ်ပွားခဲ့သည့် သဘာဝဘေးဖြစ်စဉ်အပေါ် ကြုံတွေ့ခဲ့ရသည့် အတွေ့အကြုံများအပေါ် လိုအပ်ချက် များ၊ ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ရမည့် ကိစ္စရပ်များကို သုံးသပ်ဆွေးနွေးတင်ပြကြသည်။
တင်ပြမှုများအပေါ် ပြည်နယ်ဝန်ကြီးချုပ်က သဘာဝဘေးဖြစ်စဉ်/ ဖြစ်ရပ်များအပေါ် ကြိုတင်ကာကွယ်ရာတွင် လည်းကောင်း၊ အရေးပေါ်အခြေအနေတွင် တုန့်ပြန်ဆောင်ရွက်ရာတွင်လည်းကောင်း၊ ပြန်လည်ထူထောင်ရာတွင်လည်းကောင်း အတွေ့အကြုံများအပေါ် အားနည်းချက်/အားသာချက်များကို သုံးသပ်လေ့လာပြီး ရှေ့ဆောင်ရွက်ရမည့်လုပ်ငန်းများကို စည်းလုံးညီညွတ်စွာဖြင့် စနစ်တကျစီမံဆောင်ရွက်နိုင်ရေး လိုအပ်သည်များကို ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ပြည်နယ်ပြန်/ဆက်