နေပြည်တော် ဇူလိုင် ၁၀
၂၀၂၄ ခုနှစ်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌဖလား မြို့နယ်ပေါင်းစုံ အသက် ၂၀ နှစ်အောက် အမျိုးသား၊ အမျိုးသမီးပြေးခုန်ပစ်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေနံနက် ၁၀ နာရီအချိန်က နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစား လေ့ကျင့်ရေးကွင်း (၁) ၌ ကျင်းပရာ နေပြည်တော်အားကစားနှင့် ကာယပညာကော်မတီနာယက၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ နေပြည်တော်အဆင့် ဌာနဆိုင်ရာများ၊ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အားကစားဝါသနာရှင်များ၊ အားကစားသမားများနှင့်ကျောင်းသား၊ ကျောင်းသူများတက်ရောက်ကြသည်။
နေပြည်တော်အားကစားနှင့်ကာယပညာကော်မတီနာယက၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် တာဝန်ရှိသူများသည် အမျိုးသား မီတာ ၈၀၀ အပြေးပြိုင်ပွဲ၊ အမျိုးသား မီတာ ၁၀၀ အပြေးပြိုင်ပွဲ၊ အမျိုးသမီး မီတာ ၁၀၀ အပြေးပြိုင်ပွဲ၊ အမျိုးသား လေးယောက်တွဲ မီတာ ၁၀၀ လက်ဆင့်ကမ်း အပြေးပြိုင်ပွဲနှင့် အမျိုးသမီး လေးယောက်တွဲ မီတာ ၁၀၀ လက်ဆင့်ကမ်း အပြေး ပြိုင်ပွဲများ ယှဉ်ပြိုင်မှုကို ကြည့်ရှုအားပေးကြသည်။
ယင်းနောက် အမျိုးသမီး မီတာ ၁၀၀ အပြေးပြိုင်ပွဲတွင် ဆုရရှိသည့် အားကစားသမား များအား နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန် ဦးမောင်မောင်က တစ်ဦးချင်း ဆုတံဆိပ်နှင့်ငွေသားဆုများကိုလည်းကောင်း၊ အမျိုးသား မီတာ ၁၀၀ အပြေးပြိုင်ပွဲတွင် ဆုရရှိသည့် အားကစားသမားများအား နေပြည်တော်ကောင်စီဝင် ဦးဟန်သူက တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုများကိုလည်းကောင်း၊ အမျိုးသမီး မီတာ ၈၀၀ အပြေးပြိုင်ပွဲတွင် ဆုရရှိသည့် အားကစားသမားများအား နေပြည်တော်ကောင်စီဝင် ဦးမင်းဦးက တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုများကိုလည်းကောင်း၊ အမျိုးသား မီတာ ၈၀၀ အပြေးပြိုင်ပွဲတွင် ဆုရရှိသည့် အားကစားသမားများအား နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းက တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုများကိုလည်းကောင်း၊ အမျိုးသမီးလေးယောက်တွဲ မီတာ ၁၀၀ လက်ဆင့်ကမ်းအပြေးပြိုင်ပွဲတွင် ဆုရရှိသည့် အားကစားသမားများအား နေပြည်တော်အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးက တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုများအားလည်းကောင်း၊ အမျိုးသား လေးယောက်တွဲ မီတာ ၁၀၀ လက်ဆင့်ကမ်းအပြေးပြိုင်ပွဲတွင် ဆုရရှိသည့် အားကစားသမားများအား နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုးက တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုများကို လည်းကောင်း အသီးသီးပေးအပ်ချီးမြှင့်ကြသည်။
ထို့နောက် နေပြည်တော်အားကစားနှင့်ကာယပညာကော်မတီနာယက၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက အမျိုးသမီးတံခွန်စိုက်ဆုရရှိသည့် ဒက္ခိဏသီရိမြို့နယ်အသင်း၊ အမျိုးသားတံခွန်စိုက်ဆုရရှိသည့် ပုဗ္ဗသီရိမြို့နယ်အသင်းနှင့် စုပေါင်းတံခွန်စိုက်ဆုရရှိသည့် ပုဗ္ဗသီရိမြို့နယ်အသင်းတို့အား တံခွန်စိုက်ဖလားများကို ပေးအပ်ချီးမြှင့်ခဲ့ကြောင်းသိရသည်။
ထွန်းထွန်းဝင်း(ပြန်/ဆက်)