နေပြည်တော် ဇူလိုင် ၁၀
နေပြည်တော်ကောင်စီနှင့် နေပြည်တော်စည်ပင်သာယာရေးကော်မတီတို့၏ ၂၀၂၄ ခုနှစ်၊ တတိယအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲအခမ်းအနားကို ယမန်နေ့နံနက် ၈ နာရီအချိန်က ဥတ္တရသီရိမြို့နယ်ရှိ ချောင်းမကြီးဆည်၊ သပြေစမ်းဆည်၊ မြောက်ပိန်းဆည်နှင့် တောင်ပိန်းဆည်များ၏ ရေဝေရေလဲ ဧရိယာဖြစ်သော ဖိုးဇောင်းတောင်ပေါ်၌ ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ ဒုတိယမြို့တော်ဝန်၊ နေပြည်တော်အဆင့်ဌာနဆိုင်ရာများ၊ နေပြည်တော်ကောင်စီနှင့် နေပြည်တော် စည်ပင်သာယာရေးကော်မတီတို့မှ ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ တက်ရောက်ကြသည်။
ရှေးဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးသန်းထွန်းဦးက မိုးရာသီသစ်ပင် စိုက်ပျိုးပွဲအထိမ်းအမှတ်အဖြစ် မဟော်ဂနီပင်ကို စတင်စိုက်ပျိုးပေးပြီး နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ ဒုတိယမြို့တော်ဝန်၊ နေပြည်တော်ကောင်စီနှင့် နေပြည်တော်စည်ပင်သာယာရေးကော်မတီတို့မှ ဌာနဆိုင်ရာအကြီးအကဲများက သတ်မှတ်နေရာများအလိုက် သစ်ပင်ပန်းပင်များကို အသီးသီးစိုက်ပျိုးကြသည်။
ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြို့တော်ဝန်နှင့် တာဝန်ရှိသူများက ကုက္ကို၊ ဧကရာဇ်၊ ကျွန်း၊ သစ်ပိတောက်၊ ယင်းမာ၊ မန်ဂျန်ရှားနှင့် မန်ကျည်း၊ စုစုပေါင်းအပင် ၂၀၀၀ အား တစ်ပျော်တစ်ပါး စုပေါင်းစိုက်ပျိုးနေမှုကို လှည့်လည်ကြည့်ရှုအားပေးပြီး နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးသန်းထွန်းဦးက မိုးရာသီကာလတွင် သစ်ပင်ပန်းပင်များစိုက်ပျိုးခြင်းအား အရေးကြီးလုပ်ငန်းတစ်ရပ်အဖြစ် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ ထို့အပြင် တရားမဝင် သစ်ဝါးခုတ်ခြင်းများကို တားဆီးခြင်း၊ အသိပညာပေးခြင်းနှင့် စည်းရုံးဆောင်ရွက်ခြင်းများကိုလည်း ဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ စိုက်ပျိုးပြီး သစ်ပင်များ ရှင်သန်ကြီးထွားရေးကို ဂရုပြုဆောင်ရွက်ကြရန်၊ ရေဝေရေလဲဧရိယာများရှိ သစ်တောများ ထူထပ်များပြားစေရန်အတွက် လူ့ပယောဂကြောင့် တောမီးလောင်ကျွမ်းခြင်းများ မဖြစ်ပေါ်စေရေး ဌာနဆိုင်ရာအဖွဲ့အစည်းအသီးသီးနှင့် ပြည်သူများက ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန် မှာကြားခဲ့ကြောင်းသိရသည်။
ထွန်းထွန်းဝင်း(ပြန်/ဆက်)