ကချင်ပြည်နယ်သံယဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်ပြည်နယ်အတွင်း စက်သုံးဆီများရည်ညွှန်းဈေးနှုန်းဖြင့် ပုံမှန်ရောင်းချနိုင်ရေး လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေး၊ ရေဘေးသင့် စည်ပင်လုပ်သားဝန်ထမ်းများအား အခြေခံစားသောက်ကုန်များထောက်ပံ့

မြစ်ကြီးနား ဇူလိုင် ၉

ကချင်ပြည်နယ်အတွင်း စက်ဆုံးဆီရောင်း/ ဝယ်မှုများနှင့်စပ်လျဉ်း၍ ရည်ညွှန်းဈေးနှုန်းနှင့်အညီ ဆိုင်များပုံမှန်ဖွင့်လှစ်ရောင်းချရေး ပြည်နယ်စက်သုံးဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီက ဒေသတွင်း စက်သုံးဆီလုပ်ငန်းရှင်များနှင့်တွေ့ဆုံပွဲကို ယမန်နေ့မွန်းလွဲ ၂ နာရီခွဲက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

တွေ့ဆုံပွဲတွင် ပြည်နယ်စက်သုံးဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်က စက်သုံးဆီ လုပ်ငန်းရှင်များ၊ အရောင်းဆိုင်များအနေဖြင့် သတ်မှတ်ရည်ညွှန်းလက်လီဈေးနှုန်းများဖြင့် ရောင်းချရန်လိုအပ်ပါကြောင်း၊ ထို့အပြင်ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားခြင်း မပြုလုပ်ကြရန်နှင့် မိမိတို့ကော်မတီအနေဖြင့် လိုအပ်သည့် စစ်ဆေးကြီးကြပ်ခြင်းကို ဆောင်ရွက်သွားမည်ဖြစ်ပြီး တည်ဆဲ ဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။

ထို့နောက်ကချင်ပြည်နယ်ရေနံကြီးကြပ်စစ်ဆေးရေးအရာရှိ ဦးမင်းမင်းက စက်သုံးဆီကားများ ဝင်ရောက်မှုအခြေအနေများ၊ ခွင့်ပြုပေးနေမှုများနှင့် စိစစ်ကြပ်မတ်ဆောင်ရွက်သွားမည့် အခြေအနေများကို ရှင်းလင်းတင်ပြရာ တက်ရောက်လာသည့် ပြည်နယ်ကော်မတီအဖွဲ့ဝင် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် စက်သုံးဆီလုပ်ငန်းရှင်များက စက်ဆုံးဆီများ တင်သွင်းခွင့်ရရှိမှု၊ ဖြန့်ဖြူးရောင်းချနေမှု အခြေအနေများနှင့် လိုအပ်ချက်၊ အခက်အခဲများကို ဆွေးနွေးတင်ပြကြရာ ပြည်နယ်ဝန်ကြီးက ပြည်သူများဝန်ထုပ်ဝန်ပိုးမဖြစ်စေရေး၊ မိမိတို့အနေဖြင့် စနစ်တကျစီမံဆောင်ရွက်သွားရမည်ဖြစ်ကြောင်းနှင့်လိုအပ်သည်များကို ကော်မတီအဖွဲ့ဝင်များ၊ လုပ်ငန်းရှင်းများအကြား ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

ထို့အပြင်ပြည်နယ်ဝန်ကြီးသည် ပြည်နယ်စည်ပင်သာယာရေးအဖွဲ့၊ ညွှန်ကြားရေးမှူး ဦးကျော်လင်း၊ မြို့နယ်အမှုဆောင်အရာရှိ ဦးလှမိုးတို့နှင့်အတူ မြစ်ကြီးနားမြို့ ဧရာဝတီမြစ်ရေစံချိန်တင်မြင့်တက်ခဲ့မှုကြောင့် ရေကြီးရေလျှံမှုဖြစ်ပွားခဲ့ပြီး ရေကြီးနစ်မြှုပ်ခဲ့သည့် မြစ်ကြီးနားမြို့၊ လယ်ကုန်းရပ်ကွက်နယ်မြေ (၁၀)အတွင်းရှိ မြို့နယ်စည်ပင်ဝန်ထမ်းအိမ်ရာသို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးက ဝန်ထမ်းများ ၎င်းတို့၏နေအိမ်များတွင် ပြန်လည်နေထိုင်နိုင်ရေးအတွက် သန့်ရှင်းသော သောက်သုံးရေရရှိရေး၊ လျှပ်စစ်မီးကြိုးများနှင့် အဝင်/အထွက်လမ်းများ၊ အခြားလိုအပ်သည်များ အမြန်ဆုံးဖြည့်စည်းဆောင်ရွက်ပေးနိုင်ရေး ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေး ခဲ့သည်။

ယင်းနောက်ပြည်နယ်ဝန်ကြီးက ရေဘေးသင့်စည်ပင်လုပ်သားဝန်ထမ်းများမှ အိမ်ထောင်စု(၆၇)စု လူဦးရေ(၂၆၀)ဦးအတွက် ငွေကျပ်တန်ဖိုး (၅၄)သိန်း တန်ဖိုးရှိ ဆန်၊ ဆီ၊ ကုလားပဲ၊ ကြက်ဥ၊ ကြက်သွန်၊ အာလူးနှင့် ခေါက်ဆွဲဖာများစသည့် အခြေခံစားသောက်ကုန်များအား ထောက်ပံ့ပေးအပ်ကာ ရင်းရင်းနှီးနှီး နှစ်သိမ့်အားပေးစကားပြောကြားခဲ့ကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)