စစ်တွေ ဇူလိုင် ၉
ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ စစ်တွေမြို့၊ ဘိုးဘွားရိပ်သာသို့ ထောက်ပံ့ပစ္စည်းများပေးအပ်လှူဒါန်းပွဲကို ယနေ့နံနက်ပိုင်းက ဘိုးဘွားရိပ်သာဓမ္မာရုံ၌ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့်ဇနီးဒေါ်ဆွေဆွေမြတ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ပြည်နယ်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ဦးစွာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက ယခုကဲ့သို့အဘိုးအဘွားများအား စုံစုံညီညီကျန်းကျန်းမာမာ ချမ်းချမ်းသာသာဖြင့် တွေ့ဆုံရသည့်အတွက် များစွာဝမ်းမြောက်မိပါကြောင်း၊ အဘိုးအဘွားများအနေဖြင့် ယခုကဲ့သို့ တရားဘာဝနာပွားများပြီး အေးအေးချမ်းချမ်းဖြင့် ပြည်နယ်အတွက် မေတ္တာဘာဝနာပွားများကာ မေတ္တာပို့သပေးနေကြသည်ဟုကြားသိရကြောင်း၊ ဘိုးဘွားများပို့သသည့် မေတ္တာဘာဝနာများကြောင့် ရခိုင်ပြည်နယ် ကြီးအေးချမ်းသာယာ ဖွံ့ဖြိုးတိုးတက်လာကာ ယခုထက်တည်ငြိမ်အေးချမ်းမှုရရှိပါစေကြောင်း ဆုမွန်ကောင်း တောင်းအပ်ပါကြောင်း၊ မိမိတို့ရခိုင်ပြည်နယ် အစိုးရအဖွဲ့အနေဖြင့် အဘိုးအဘွားများ စားရေရိက္ခာများ အဆင်ပြေစေရန်အတွက် ဆန်၊ ဆီနှင့် တစ်ကိုယ်ရေသုံးပစ္စည်းများကို လာရောက်လှူဒါန်းခြင်းဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် အဘိုးအဘွားများကို မိဘများသဖွယ်လာရောက် လှူဒါန်းခြင်းဖြစ်ကြောင်း၊ အဘိုးအဘွားများအနေဖြင့်လည်း ကျန်းကျန်းမာမာချမ်းချမ်းသာသာဖြင့် မိမိတို့ပြည်နယ်၏အကျိုးအတွက် မေတ္တာပို့သကာ မိမိတို့အတွက် တရားဘာဝနာများပွားများ အားထုတ်နိုင်ပါစေကြောင်း ဂါရဝပြုနှုတ်ခွန်းဆက်ဆုတောင်းစကား ပြောကြားသည်။
ယင်းနောက် ဘိုးဘွားရိပ်သာ ဒုတိယဥက္ကဋ္ဌ၊ ဦးသန်းရွှေက ဘိုးဘွားရိပ်သာနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီးတို့က ဘိုးဘွားရိပ်သာသို့ ဆန်နှင့် ဆီများကို ပေးအပ်လှူဒါန်းကြသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက အဘိုးအဘွားများအား ဆေးဝါးနှင့် တကိုယ်ရေသုံးပစ္စည်းများကို ပေးအပ်လှူဒါန်းကြပြီး အဘွားတစ်ဦးက ကျေးဇူးတင်စကားပြောကြားကာ ဆုတောင်းမေတ္တာ ပို့သပေးသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘိုးဘွားရိပ်သာအတွင်း ထမင်းစားဆောင်နှင့် စားဖိုဆောင်များ အား လှည့်လည်ကြည့်ရှုကြကာ အဘိုးအဘွားများအတွက် တနေ့တာ စားသုံးနိုင်ရန် ပြည်နယ်အစိုးအဖွဲ့မှလှူဒါန်းငွေနှင့် ပြည်နယ်အမျိုးအသမီးရေးရာအဖွဲ့မှ လှူဒါန်းငွေများကို ပေးအပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။
တင်ထွန်း(ပြန်/ဆက်)