တိုက်ကြီး ဇူလိုင် ၉
ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးခရိုင် တိုက်ကြီးမြို့နယ်တွင် သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၏ ကြီးကြပ်မှုဖြင့် ရှာဖွေကယ်ဆယ်ရေး စုဖွဲ့ထားရှိမှုနှင့် လေ့ကျင့်ဆောင်ရွက်မှုအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ဦးစွာ မြို့နယ်သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူးဦးအောင်ကျော်စိုးက အဖွင့်အမှာစကားပြောကြားသည်။ ဆက်လက်၍ မြို့နယ်မီးသတ်ဦးစီးဌာနဦးစီးအရာရှိ ဦးဇော်ချစ်ထက် ဦးဆောင်သော ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များနှင့် လူမူရေးအသင်းအဖွဲ့ဝင်များက သဘာဝဘေးအန္တရာယ်ဖြစ်ပွားလာပါက ရှာဖွေကယ်ဆယ်ခြင်းလုပ်ငန်းများ၊ ရှေးဦး သူနာပြုစုခြင်း၊ ရှာဖွေကယ်ဆယ်ရေးသုံးပစ္စည်းများဖြစ်သော Power Unit ၊ Hydraulic Cutter၊ Hydraulic Spreader ၊ Hydraulic Ram၊ Air Lifting Bag များအသုံးပြု၍ ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ခြင်းနှင့် မီးငြှိမ်းသတ်ခြင်းတို့အား သရုပ်ပြလေ့ကျင့်ဆောင်ရွက်သည်။
အဆိုပါအခမ်းအနားသို့ မြို့နယ်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လူမှုရေးအသင်း အဖွဲ့များ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ တက်ရောက်ကြောင်းသိရသည်။
စန်းကလျာခိုင်(ပြန်/ဆက်)