နမ့်စန်မြို့နယ်တွင် ကျောင်းသားကျောင်းသူများကို သစ်ပင်၊ သစ်တောနှင့် ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြော၍ စုပေါင်းသစ်ပင်စိုက်ပျိုး

နမ့်စန်() ဇူလိုင် ၉

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် သစ်တောဦးစီးဌာနမှ ဆောင်ရွက်သော သစ်တောနှင့် ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် ၉ နာရီက အမှတ် (၃) ရပ်ကွက် အခြေခံပညာအလယ်တန်းကျောင်းခွဲတွင် ဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ လွိုင်လင်ခရိုင်သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ဇော်မျိုးက သစ်တောများနှင့် ရာသီဥတုပြောင်းလဲမှုလျှော့ချရေးနှင့်သစ်တောသစ်ပင်များ၏ ကောင်းကျိုးများအကြောင်းကို အသိပညာပေးဟောပြောခဲ့သည်။

ဆက်လက်၍ နမ့်စန်မြို့နယ်သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမောင်မျိုးက ရာသီဥတုပြောင်းလဲမှုလျှောချရေး ၊ဇီဝမျိုးစုံမျိုးကွဲများအကြောင်း၊ သစ်တောနှင့်ရေဝေရေလဲဒေသများ ထိန်းသိမ်းစောင့်ရှောက်ရေးနှင့် သစ်တောကပေးစွမ်းနိုင်သော အကျိုးကျေးဇူးများအကြောင်းကို အသိပညာပေးဟောပြော၍ ဗွီဒီယိုမှတ်တမ်းများပြသပေးခဲ့သည်။

ထို့နောက်  သစ်တောဦးစီးဌာနမှ ဝန်ထမ်းများက အဆိုပါကျောင်းမှ ဆရာ/ဆရာမများ၊ ကျောင်းသား ကျောင်းသူများ (၂၀၀) ဦးခန့်နှင့်အတူ ကံ့ကော်၊စိန်ပန်းနီ၊ကျွန်း၊ပျဉ်းကတိုး၊ သပြေဘူတနှင့် ခရေပင် စုစုပေါင်း (၁၅၈) ပင်ကို ကျောင်းဝင်းအတွင်း စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်းသိရသည်။

သူရအောင်(နမ့်စန်)